ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအကြိမ်)အစည်းအဝေးတွင် အမျိုသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှုတ်ခွန်းဆက် အမှာစကားပြောကြား

Printer-friendly versionSend by email

ယနေ့ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖွင့်ပွဲ အခမ်းအနားကို ကြွရောက်လာကြသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖြစ်မြောက်လာအောင် အားကြိုး မာန်တက်ဆောင်ရွက်ပေးပါသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူး ဥပကာရ တင်ရှိကြောင်း ပြောကြားလိုပါတယ်။

 

ဒီနေ့ ဒီအချိန်အခါမှာ ဒေသအသီးသီးမှ တိုင်းရင်းသားများနဲ့ လူထုလူတန်းစားအမျိုးမျိုးတို့ရဲ့ ငြိမ်းချမ်းရေး လိုလားတဲ့အသံတွေ လုပ်ဆောင်ချက်တွေကို တွေ့မြင် ကြားသိနေရပါတယ်။ ဒါဟာ နိုင်ငံသူ နိုင်ငံသား အားလုံးက ငြိမ်းချမ်းရေးကို လိုလားနေကြကြောင်း ထင်ရှားစေတဲ့ အချက်ပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးမရရှိခဲ့လို့ နိုင်ငံသူ နိုင်ငံသား အမျိုးသမီးကလေးသူငယ်များဟာ ဆုံးရှုံးနစ်နာမှုများ ဆင်းရဲဒုက္ခရောက်ရမှုများနဲ့ တွေ့ကြုံခံစား ခဲ့ကြရပါတယ်။ ငြိမ်းချမ်းရေးမရရှိတဲ့အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ဆောင်နိုင်မှုမရှိခဲ့လို့ မိမိတို့နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများမှာ ထိပ်ဆုံးကနေ အောက်ဆုံးအထိ ရောက်ရှိနေတာကိုလည်း အားလုံးအသိပင် ဖြစ်ပါတယ်။

 

ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ကြွယ်၀ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်များ အများအပြား ရှိပါတယ်။ အဲဒီအရင်းအမြစ်များဟာလည်း တိုင်းရင်းသားဒေသတွေမှာ အများဆုံးရှိပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးမရရှိတော့ အဲဒီအရင်းအမြစ်တွေကို တန်ဖိုးရှိစွာ အသုံးမချနိုင်ဘဲ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးမရရှိတော့ ကိုယ့်နယ်မြေဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘဲ မိမိတို့ရဲ့မိသားစုများပင် ဘယ်မှာနေရ ဘယ်လိုစားရမယ်မှန်း မသိတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံနေ ကြရပါတယ်။

မိမိတို့ရဲ့ နယ်မြေဒေသတွေ တိုးတက်ဖွံ့ဖြိုးမှ မိမိတို့ရဲ့ မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်မယ်။ မိမိတို့ရဲ့ မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်မှ မိမိတို့ရဲ့ တိုင်းနဲ့ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်မယ်။ တိုင်းနဲ့ပြည်နယ်တွေ ဖွံ့ဖြိုး တိုးတက်မှ မိမိတို့ရဲ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှာပဲဖြစ်တယ်။ ဒါ့ကြောင့်မို့လည်း နိုင်ငံသူ နိုင်ငံသားအားလုံးက ငြိမ်းချမ်းရေးကို အာသာငမ်းငမ်း လိုချင်တပ်မက်နေခြင်းပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ရာမှာ အဓိကအရေးကြီးဆုံးအရာက ယုံကြည်မှုတည်ဆောက်ခြင်းပဲ ဖြစ်ပါ တယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်နိုင်မှသာ ကာလ တာရှည် အမြစ်စွဲနေတဲ့ သံသယတွေ အမုန်းတရား တွေ ကွယ်ပျောက်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ရယူလိုတဲ့ စိတ်ရှိပြီး ငြိမ်းချမ်းရေး ရကို ရရမယ်လို့ ယုံယုံကြည်ကြည်နဲ့ သန္နိဋ္ဌာန်ချမှတ်နိုင်မယ်ဆိုရင် ရရှိရန်ခက်ခဲတဲ့ ငြိမ်းချမ်းရေးကို မလွဲမသွေ ရရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိလာပြီဆိုရင် မိမိတို့နိုင်ငံသူ နိုင်ငံသားအားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

 

အခုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) သို့ တက်ရောက်လာကြသော အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ပြည်သူ တို့၏ မျှော်လင့်ချက်လွှတ်တော်ကဖော်ဆောင်ရွက်”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူတို့ရဲ့အသံကို နားထောင်ပြီး ပြည်သူတို့ရဲ့ ဆန္ဒနဲ့မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် အထူးအလေးထား ဆောင်ရွက်နေပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးmညီလာခံ -(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)ကို တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်ကြီးများ အနေနှင့်လည်း နိုင်ငံသူ နိုင်ငံသားများ၏ အသံကို နားထောင်ပြီး နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို မလွဲမသွေ ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ခိုင်မာတဲ့သန္နိဋ္ဌာန်ချမှတ်ပေးကြပါ။ အတိတ်က အဖြစ်အပျက်များကို မေ့ပျောက်သင်ပုန်းချေပြီး နိုင်ငံသူ နိုင်ငံသားများ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံစားနေရမှုများကို သင်ခန်းစာယူကာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်ထား ပေးကြပါ။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်နိုင်ငံသူနိုင်ငံသားများအတွက် အဖိုးအန္ဃထိုက်တန်တဲ့ ငြိမ်းချမ်းရေးကို ရယူပြီး အမွေပေးခဲ့ကြပါ။ မိမိတို့ရဲ့ မြင့်မြတ်ကောင်းမွန်တဲ့ သမိုင်းရေးထိုးပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလို ပါတယ်။

အခုအချိန်ဟာ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ အခုလ အချိန်ကောင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)ကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များအနေနဲ့ မိမိတို့ရဲ့ အတ္တ မာန်မာနများ၊ သံသယ အမုန်းတရားများကို ဖယ်ရှားပြီး တစ်ဦးနဲ့တစ်ဦး ယုံယုံကြည်ကြည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကာ နိုင်ငံသူနိုင်ငံသားများအားလုံး လိုလား တောင့်တနေတဲ့ ငြိမ်းချမ်းပြီး သာယာ၀ပြောတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် မဆုတ်မနစ် ကြိုးစားဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။