ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောကြားသည့် အဖွင့်အမှာစကား

Printer-friendly versionSend by email

နေပြည်တော် မေ ၂၄

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောကြားသည့် အဖွင့်အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

ဆန္ဒပြု

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်ခေါင်းဆောင်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ တပ်မတော်ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမျာမှ ခေါင်းဆောင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ်နှင့်တကွ သံတမန်များ၊ နိုင်ငံအသီးသီးမှ အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကဏ္ဍ၊ အစုအဖွဲ့အသီးသီးက ခေါင်းဆောင် ကိုယ်စားလှယ်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင် ကိုယ်စားလှယ်များ ကိုယ်စား မေတ္တာပို့၊ ဆန္ဒပြုအပ်ပါတယ်။

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခင်အစိုးရလက်ထက်မှာ ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ချနိုင်ခဲ့ပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ အုပ်ချုပ်မှုသက်တမ်းအတွင်းမှာ အားလုံးပါဝင်၍ အားလုံးပိုင်ဆိုင်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်နိုင်ရန် ရည်ရွယ်ပြီး ဒုတိယအကြိမ် UPC ညီလာခံကို ကျင်းပခဲ့ပြီး ယခုတတိယအကြိမ်တွင် အားလုံးလက်ခံ နိုင်သော နိုင်ငံရေးသဘောတူချက် အခြေခံမူဝါဒရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည့် ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်သည်လို့ ဆိုနိုင်ပါတယ်။

 

အထူးလိုအပ်

ဤအကြိမ်တွင် (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကျင်းပခြင်းသည် NCA ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်ရုံမျှမက နိုင်ငံရေးလိုအပ်ချက်လည်း ကြီးကြီးမားမားရှိနေပါသည်။ ထို့အပြင် NCA သဘောတူစာချုပ်ပါ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းအချက်ကို အကောင်အထည်ဖော်ဆောင် ရွက်နေခြင်းလည်းဖြစ် တဲ့အတွက် အရေးပါလှသည့် အဆင့်တစ်ဆင့်သို့ တက်လှမ်းရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီအဆင့်အထိ  ရောက်အောင် အကြိမ်ပေါင်းများစွာ ညှိနှိုင်းမှု၊ စိတ်ရှည်သည်းခံမှု များဖြင့် အခက်အခဲတွေ အတူတကွ ကျော်ဖြတ်ပြီးမှ မိမိတို့အကြားမှာ နားလည်မှုများ ရယူတည်ဆောက်နိုင်ခြင်းကိုတော့ အသိအမှတ်ပြု ကြရမှာဖြစ်ပါတယ်။ မိမိတို့အကြားနားလည်နေရုံမျှဖြင့် မပြည့်စုံပါ။ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ကလည်း နားလည်ကြရန် အထူးလိုအပ်ပါတယ်။ ဒါကြောင့် ယခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တိုင်းရင်းသား ပြည်သူအားလုံးမျှော်လင့်နေတဲ့ ရလဒ်များ ပေါ်ထွက်နိုင်ရန်အထူးလိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ချောမွေ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရေးဟာ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းပဲဖြစ်လို့ပါပဲ။

ဒါကြောင့် ဒီငြိမ်းချမ်းရေးညီလာခံကနေ ထွက်လာတဲ့ သဘောတူညီမှုများဟာ လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲ အတွင်း အကောင်အထည်ဖော်နေကြတဲ့သူများ၊ သက်ဆိုင်ပါဝင်သူများအကြား ယုံကြည်မှု တည်ဆောက် ရေးကို ပိုမိုအားကောင်းစေရန် လိုအပ်ပါတယ်။ ထို့အပြင် ဖြစ်စဉ်မှာ မပါဝင်နိုင်သေးတဲ့ အခြားအဖွဲ့ အစည်းတွေက ဖြစ်စဉ်အပေါ် ယုံကြည်မှုကို ဖန်တီးဖြစ်ပေါ်စေဖို့ ကျွန်တော်တို့ လိုလားပါတယ်။

အထောက်အကူပြု

ယခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)က ထွက်ပေါ်လာသည့် ရလဒ်များဟာ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက် အကူပြုပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံကောင်းများဖြစ်ရန် မျှော်လင့်ထားပါတယ်။ “ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဆိုတဲ့ ဆိုရိုးစကားအတိုင်း သက်ဆိုင်ပါဝင်သူ အားလုံးကို နောက်ချန်မထားကြဘဲ၊ ရှေ့ဆက်နိုင်ငံ ရေးခရီးစဉ်အတွင်း ယင်းတို့အဆင်သင့်ဖြစ်သည့်အချိန်တွင် ပါဝင် နိုင်ရန်အတွက် ထည့်သွင်းစဉ်းစားရပါမယ်။

 

ဒါကြောင့် အားလုံးအတွက် ရှင်းလင်းတဲ့ နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်၊ ဝိဝါဒမကွဲသော နားလည်မှုနှင့် ပြောင်းလဲတိုးတက်မှုအဆင့်၊ ကဏ္ဍများသည် ကွဲကွဲပြားပြား ရှိရန် လိုအပ်ပါတယ်။ ယခုလတ်တလော အခြေအနေမှာ ရလဒ်ရရေး ဦးတည်သည့်ဆွေးနွေးညှိနှိုင်းမှုများနှင့် တင်းကျပ်လှသည့် အချိန်ကန့်သတ်မှု ဘောင်အတွင်းတွင် သက်ဆိုင်ပါဝင်သူ အားလုံး လှောင်ပိတ်မိနေသလိုတော့ ဖြစ်ပါတယ်။ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တင်းတင်းကျပ်ကျပ် အချိန်ကန့်သတ်ထားလျက် ရလဒ်ရရေးကို ဦးတည်ခြင်း သည် မှန်ကန်မှုရှိ မရှိ၊ သို့မဟုတ် လုံလောက်သည့် အချိန်အတိုင်းအတာ တစ်ခုအတွင်း အကျေအလည် ညှိနှိုင်းဆွေးနွေးမှုက ထွက်ပေါ်လာသော သဘောတူညီချက်များသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ကို ဦးတည်လျက် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးမှာ ပိုမို၍ အရေးကြီးပါသလားဟူသည်ကို သုံးသပ်ကြရန်လည်း လိုအပ်ပါတယ်။

 

အတွေ့အကြုံအရ သိမြင်နားလည်ထား

နိုင်ငံရေးဆွေးနွေးပွဲများကတစ်ဆင့် အခြေခံနိုင်ငံရေးပြဿနာကို ဖြေရှင်းရာမှာ ကျွန်တော်တို့နိုင်ငံအတွက် အခြေခံအုတ်မြစ်သုံးရပ်ကို ချမှတ်ထားရန်လိုအပ်ကြောင်း ကျွန်တော်တို့အတွေ့အကြုံအရ သိမြင်နားလည် ထားပါတယ်။

 

ပထမဆုံးအချက်အနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ Stakeholders တွေဖြစ်ကြတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ Institution များ၊ ဆွေးနွေးဖက်များဖြစ်တဲ့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၊ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များဟာ ပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံး ဖြစ်ကြပါတယ်။ တစ်ပြေးညီစံချိန်စံòန်းနဲ့ ကန့်သတ်ချက်မထားဘဲ စုံစုံညီညီပါဝင်နိုင်ရန်မှာ ဦးစားပေး လိုအပ်ချက်ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ နောက်ခံသမိုင်း၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကြောင့် အချို့သော Stakeholders များအတွက် ချက်ချင်းပါဝင်လာနိုင်ရန်မှာ မဖြစ်နိုင်ပါ။ မှန်ကန်သင့်တော်တဲ့ အခြေအနေတစ်စုံတစ်ခုကို ဖန်တီးကြရန်လိုအပ်နေပါတယ်။ အစိုးရနဲ့တပ်မတော်သည် လက်ရှိနိုင်ငံရေး တွင် ဦးဆောင်သူများဖြစ်ပါသည်။ သို့သော် အနာဂတ်ဖက်ဒရယ် နိုင်ငံတော်တည်ဆောက်ရန်အတွက် Stakeholders များအားလုံးက တန်းတူရည်တူအခြေခံဖြင့် ပါဝင်နိုင်ရန်မှာ မရှိမဖြစ် လိုအပ်ပါတယ်။

 

ဒုတိယအချက်အနေဖြင့် လွှမ်းမိုးချုပ်ကိုင်မှုကင်းသည့် အခင်းအကျင်းကို ဖန်တီးထားရန်လိုအပ်ပါတယ်။ သို့မှသာ အကျေအလည် ညှိနှိုင်းအဖြေရှာနိုင်ကြမည်ဖြစ်ပါသည်။ ဆွေးနွေးဖက်တွေအားလုံးအတွက် လုံလောက်တဲ့ပြင်ဆင်မှု၊ သတင်းဖလှယ်မှု၊ အချိန်ယူဆွေးနွေးနိုင်မှုနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးအကြားမှာ စိတ်ကျေနပ်ဖွယ် ညှိနှိုင်းဆွေးနွေးမှုတွေ မရှိခဲ့ပါလျှင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရန်ခက်ခဲ့ပါမယ်။ အမျိုးသားရင်ကြားစေ့ရေး မှာလည်း အလှမ်းဝေးနေပါမယ်။

 

နောက်ဆုံးတတိယအချက်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လူမျိုးအလိုက်ဖြစ်စေ၊ နေရာအလိုက် ဖြစ်စေ၊ အကြောင်းအရာအလိုက်ဖြစ်စေ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်ရန် လိုအပ်ပါ တယ်။ အကန့်အသတ်ဘောင်အတွင်းမှ ဖြစ်စေ၊ ပုံပြသဘောဖြင့်ဖြစ်စေ၊ အလျင်စလိုပြုလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူမပြုသလို ပြဿနာကို ဖြေရှင်း နိုင်မယ်လို့ မထင်ပါ။

အဲဒီအခြေခံသုံးခုကို အကောင်အထည်ဖော်ရာမှာ ရှင်းလင်းတဲ့လုပ်ငန်းစဉ်၊ အားလုံးတစ်ပြေးညီ နားလည်မှုများ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လုပ်ငန်းစဉ် (Process) အပိုင်းမှာ အားနည်းချက်တွေ ကြီးကြီးမားမားရှိနေမှုကို မီးမောင်းထိုးဖော်ပြလိုပါတယ်။

အနာဂတ် ဖက်ဒရယ်နိုင်ငံ တည်ဆောက်မှုမှာ အရေးကြီးတဲ့ Stakeholder တွေဖြစ်တဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကျန်ရှိနေသေးတယ်ဆိုတာကို သတိပေးလိုပါတယ်။ ကျွန်တော်တို့ NCA လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံလွှမ်းခြုံပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ယခုညီလာခံကထွက်ပေါ်လာမယ့် သဘောတူညီမှုတွေဟာ ဖြစ်စဉ်မှာမပါဝင်နိုင်သေးတဲ့ ညီနောင်တိုင်းရင်းသားတွေပါဝင်မှုကို အထောက်အကူဖြစ်ရန် လိုအပ်ပါတယ်။ ဘုံလက်ခံနိုင်သည့်မူနဲ့ စံတန်ဖိုးများ အုတ်မြစ်ချရန်လိုပါတယ်။ အားလုံးတစ်ပြေးညီ ထားခြင်းကို ပြန်လည် ဆန်းစစ်ရန်လိုပါသည်။ အားလုံးလွှမ်းခြုံသည့်သဘောတူညီချက်များဖြင့် အောင်မြင်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဖန်တီးကြပါဟု တိုက်တွန်းလိုပါတယ်။ ယင်းမှသာငြိမ်းချမ်းရေးအသီးအပွင့်များ ဖူးပွင့်နိုင်မည် ဖြစ်ပါတယ်။

အနှစ်သာရတွေပြည့်၀

နိဂုံးချုပ်အနေနဲ့ပြောရပါလျှင် ဃြဗ အကောင်အထည်ဖော်မှုက ထွက်ပေါ်လာမည့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ခြင်းသည် မည်သူမှမရှုံးသည့် (Win-Win)အခြေအနေကို ဖန်တီးဖြစ်ပေါ်စေပါမယ်။ မှန်ကန်တဲ့ပြုပြင်ပြောင်းလဲလိုစိတ်ဖြင့် အနာဂတ်မျိုးဆက်အတွက် ရည်စူးဦးတည် ကြလျက် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံတွေဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း၊ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန်အတွက် အနှစ်သာရတွေပြည့်၀တဲ့ သဘောတူညီမှုတွေ ထွက်ပေါ်ရရှိရန် ညှိနှိုင်းဆွေးနွေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။