ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ(ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနား တွင် နိုင်ငံရေးပါတီများကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ပြောကြားသည့် အဖွင့်အမှာစကား

Printer-friendly versionSend by email

နေပြည်တော် မေ ၂၄

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ(ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနား တွင် နိုင်ငံရေးပါတီများကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ပြောကြားသည့် အဖွင့်အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို တက်ရောက်လာကြတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်တော် ကြီးများနှင့် ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့်ပြည့်စုံ၍ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။ ဒီအခမ်းအနားမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုလျက် စကားပြောကြားခွင့်ရတဲ့အတွက်လည်း အထူးပင်ဝမ်းသာဂုဏ်ယူပါကြောင်း ဂါရ၀ပြုတင်ပြအပ် ပါတယ်။

ဆက်လက်အကောင်အထည်ဖော်

ယနေ့ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ (တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) NCA ရဲ့ အကျိုးရလဒ်တစ်ခုဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ကို ကိုယ်စားပြုတဲ့ NCCT နဲ့ အစိုးရကို ကိုယ်စားပြုတဲ့ UPWC တို့ ဆွေးနွေးမှု အကြိမ် ၃၀ ခန့်ကို အချိန် ၁၇ လကြာပြုလုပ်ခဲ့ပြီး ၂၀၁၅ မတ်လ ၃၁ ရက်နေ့မှာ NCA Single Text (မူကြမ်း)ကို နိုင်ငံတော်သမ္မတ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ NCA (မူချော)ကို အဆင့်ဆင့် ဆက်လက် ညှိနှိုင်းပြီး ၂၀၁၅ 0x100သဂုတ်လ ၇ ရက်မှာ သဘောတူနိုင်ခဲ့သဖြင့် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ နေပြည်တော် MICC-၂ ခန်းမမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ခေါင်းဆောင်များနဲ့ ပြည်တွင်းပြည်ပသက်သေများ၏ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ “ကျွနု်ပ်နဲ့ စကားပြောချင်တယ်ဆိုရင် တဲထဲကို ဝင်လာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဓားတွေကိုတော့ တဲပြင်မှာထားခဲ့ပါ” ဆိုတဲ့ စကားဥပမာလိုပါပဲ ငြိမ်းချမ်းရေး စကားပြောကြမယ်ဆိုရင်တော့ တိုက်ရင်းခိုက်ရင်းပြောဖို့ရာ သဘာ၀မကျတဲ့အတွက် နှစ်ဖက် တိုက်ခိုက်မှုများ ဦးစွာရပ်ဆိုင်းလိုက်ဖို့ဟာ မလွဲမသွေလုပ်ရမယ့် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် NCA ကို လေးစားလိုက်နာပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်ပါတယ်။

ဒီနေရာမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း Ceasefire ကို လက်နက်ဖြုတ်သိမ်းခြင်း DisArm၊ လက်နက်ချ အညံ့ခံခြင်း Surrender နဲ့ ကွဲကွဲပြားပြား ရှုမြင်နားလည်စေချင်ပါတယ်။ အဓိပ္ပာယ်ရော အနှစ်သာရပါ မြန်မာလိုရော အင်္ဂလိပ်လိုပါ လုံး၀ကွဲပြားခြားနားပါတယ်။ စားပွဲဝိုင်းမှာ ပြောဆိုဆွေးနွေးမှုကို ပစ်ခတ် တိုက်ခိုက်မှုတွေနဲ့ ကျော်လွန်ဖိအားပေးရာ မရောက်အောင် နှစ်ဦးနှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်မယ့် လမ်းကြောင်းတစ်ခုကို ချမှတ်ထားခြင်းသာ ဖြစ်ပါတယ်။ အကယ်၍ အောက်ခြေမှာ နားလည်မှုလွဲတာတွေ၊ သတင်းဖလှယ်မှုမပြည့်စုံတာတွေကြောင့် တိုက်ခိုက်မှုများရှိခဲ့လျှင်သော်မှ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMc က စောင့်ကြည့်၊ ကြားနာ၊ ဖြေရှင်းပေးနိုင်မယ့် အလွန်ကောင်းမွန် ပြည့်စုံတဲ့ ယန္တရားစနစ်ကြီးရှိနေပြီ ဖြစ်လို့ သဘောတူထားပြီးသား NCA ကို လေးစား လိုက်နာကြပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်ကြစေလိုပါတယ်။ NCA လမ်းကြောင်းမှ ဖယ်ခွာပြီး မိမိအဖွဲ့အစည်းရဲ့ဆန္ဒကိုသာ ရှေ့တန်းတင်ဆောင်ရွက်ကြမယ် ဆိုရင်တော့ ပြည်သူတွေ လိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

ညီလာခံကိုယ်စားလှယ်များခင်ဗျား-

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ MICC- ၂ တွင် ငါးရက်ကြာကျင်းပခဲ့ပြီး ကဏ္ဍကြီးငါးခုကို အစုအဖွဲ့ခုနစ်ဖွဲ့ က ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြ ပါတယ်။ အဓိကကျတဲ့ ဆွေးနွေးချက်များကို ထုတ်နုတ်ပြီး စာတမ်းတစ်စောင်ကို UPDJC ဒုတိယဥက္ကဋ္ဌ သုံး ဦးမှ နိုင်ငံတော်ဒုတိယသမ္မတထံ လွှဲပြောင်းပေးခဲ့ပါတယ်။ ဆွေးနွေးအကြံပြုချက်များသာဖြစ်ပြီး ဆုံးဖြတ်ချက်များ မဟုတ်ပါ။

ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုတော့ (၂၁)ရာစုပင်လုံဆိုတဲ့ ဝိသေသနဲ့အတူ ၂၀၁၆ 0x100သဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၂ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့အခါမှာ ကဏ္ဍအလိုက် ဆွေးနွေးခြင်း မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အခြားဖိတ်ကြားသင့်သည့် အဖွဲ့များမှ မိမိတို့သဘောထားအမြင်များကို တင်ပြခဲ့ကြပါတယ်။ မိမိတို့သဘောထားအမြင်များကို လွတ်လပ်စွာတင်ပြခွင့်ပြုတဲ့အခါ နိုင်ငံတော် အမည်ပြောင်းလဲရေး အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် အလှည့်ကျဆောင်ရွက်ခွင့်၊ ပြည်နယ်သစ် တောင်းဆို မှုများ၊ ခွဲထွက်ခွင့်ပါသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့် စည်းလုံးညီညွတ်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ တောင်းဆိုမှုများ၊ NCA စာချုပ်ပါ ဒို့တာဝန်အရေးသုံးပါးကို ရှေးရှုသော ဆွေးနွေးမှုများအစား ထိခိုက် ပျက်ပြယ်စေသော ဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့တဲ့အတွက် ကြားရမြင်ရတဲ့ ပြည်သူလူထု တစ်ရပ်လုံးဟာ ငြိမ်းချမ်းရေးအတွက်နဲ့ ပြည်ထောင်စုနောင်ရေးအတွက် ရတက်မအေး ဖြစ်ခဲ့ရပါတယ်။

ဒီနေရာမှာ အရေးသုံးပါးနဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းလင်းတင်ပြလိုတာက ဒို့တာဝန်အရေးသုံးပါးဆိုပြီး တပ်မတော်အစိုးရလက်ထက်ကစလို့ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိဖြစ်အောင် အမျိုးသားအကျိုးစီးပွား အတွက် ဖော်ထုတ်ကာကွယ်စောင့်ရှောက်လာခဲ့တဲ့ အတွက် မလိုသူများက တပ်မတော်ရဲ့ ဝါဒဖြန့် ဆောင်ပုဒ်၊ န၀တ၊ နယက အစိုးရများရဲ့ဝါဒဖြန့် ဆောင်ပုဒ်အဖြစ် တံဆိပ်ကပ် ပုံဖျက်ခဲ့ကြပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်းစွဲများကို ဘေးဖယ်ပြီး အစွဲကင်းကင်း၊ အမြင်ရှင်းရှင်းနဲ့ ကြည့်မယ် ဆိုရင်တော့ ဒီအရေးကိစ္စသုံးချက်ဟာ ပြည်ထောင်စုကြီးရဲ့ သစ္စာတရား အမှန်ဖြစ်ကြောင်း သိသာ ထင်ရှားပါတယ်။ အသင်ဟာ အသင့်တိုင်းပြည်ကြီးကို တစ်စစီ အပြိုအကွဲခံမှာလား၊ ဒီတိုင်းပြည်ထဲမှာ အတူနေနေကြတဲ့သူတွေ အချင်းချင်း အမြစ်ပြတ်၊ လက်စတုံးချေမှုန်းဖို့ လုပ်မှာလား၊ သင့်တိုင်းပြည်ရဲ့ တိုင်းသူပြည်သားအားလုံးပိုင်ဆိုင်တဲ့ အသက်ဝိညာဉ် အချုပ်အခြာအာဏာကို မျိုးမတူဇာတ်ခြားတဲ့ တိုင်းတစ်ပါးသားလက်ထဲ အပ်ချင်သလားလို့ မေးခွန်းတစ်ခုချင်းနဲ့ ဆန်းစစ်ကြည့်လိုက်ရင် ပြည်ထောင်စုကို သစ္စာခံသူလား၊ ပြည်ထောင်စုကြီးအားရှိဖို့ လိုလားသူလား၊ အားနည်းပျက်သုဉ်းမယ့် လမ်းကြောင်းကို လိုက်လိုသူများဆိုတာ ပေါ်လွင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအရေးသုံးပါးဟာ ပုဂ္ဂိုလ်၊ တစ်စုံ တစ်ယောက်၊ အဖွဲ့အစည်းတစ်ရပ်ရဲ့ ဝါဒဖြန့်ယ္တရား လက်ကိုင်ဆောင်ပုဒ်မဟုတ်ဘဲ ဘယ်အစိုးရ တက်တက်၊ ဘယ်သူဘဲ ခေါင်းဆောင်လုပ်လုပ်၊ ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုသားများအတွက် အမြဲ အကျိုးပြုနေမယ့် လက်ကိုင်ပြုကိုပြုနေရမယ့် ထာ၀ရသစ္စာတရားများဖြစ်ကြောင်း ရှင်းလင်းတင်ပြ လိုပါတယ်။

အထူးပင်ဝမ်းသာ

ယခုကျင်းပပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ (ဒုတိယအကြိမ်) မှာတော့ ကဏ္ဍကြီးငါးခုမှာ UPDJC မှ အတည်ပြုထားတဲ့ အချက်များကို ဆွေးနွေးကြပြီး ယခုညီလာခံမှ ဆုံးဖြတ်ချက်များအနေနဲ့ ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အိပ်မက်တွေ စတင်အကောင်အထည်ပေါ် လာတော့မှာဖြစ်လို့ တည်ဆောက်ဆဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးဟာလည်း ရုပ်လုံးပေါ်လာတော့မှာ ဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံရေးပါတီများကိုယ်စား မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထူးပင်ဝမ်းသာ အားရ ဖြစ်မိပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးရသေးသော အဖွဲ့များ အနေနဲ့လည်း ပြည်သူလူထုဘက်ကို မျက်နှာမူပြီး အမြန်ဆုံးလက်မှတ်ရေးထိုးကြဖို့ ရှေ့ကညီနောင်များ အချိန်ယူညှိနှိုင်းဖောက်လုပ်ထားသော လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနိုင်ကြဖို့ တိုက်တွန်း လိုပါတယ်။

ညီလာခံကိုယ်စားလှယ်များခင်ဗျား-

ယခုအခမ်းအနားပြီးတာနဲ့ အစုအဖွဲ့အမျိုးမျိုး၊ လူမျိုးအသီးသီးနဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့ ကိုယ်စားပြု တဲ့ ကိုယ်စားလှယ်များဟာ ကဏ္ဍအလိုက် မိမိတို့အမြင်၊ အယူအဆနဲ့ လိုလားချက်များကို ညှိနှိုင်းဆွေးနွေး ကြပါတော့မယ်။ တန်းတူညီမျှမှု အခြေခံနဲ့ ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် အနိုင်ကိုင်၊ အမိန့်ပေးပုံစံနဲ့ အလုပ်မဖြစ်ခဲ့တာလည်း သမိုင်းသက်သေဖြစ်နေပါပြီ။ တကယ်တော့ မိမိတို့ ဖြစ်ချင်တာနဲ့ လက်တွေ့ ဖြစ်နေတာတွေကြားထဲမှာ “ဖြစ်သင့်တာ၊ ဖြစ်နိုင်တာ” ရှိနေတဲ့အတွက် အဲဒါ ကို ဆွေးနွေးဖက်များက စိတ်ရှည်သည်းခံပြီး ပညာဉာဏ်ပြည့်၀စွာနဲ့ ရှာဖွေပေးကြဖို့ ပန်ကြားလိုပါတယ်။

အခြေခံဥပဒေနဲ့အညီသာလျှင် ဖြစ်သင့်

တစ်ဆက်တည်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တစ်ဆင့် ပေါ်ထွက် လာတဲ့ “ဖက်ဒရယ်စနစ်မှာ အခြေခံရမယ့်မူများ” ထဲက တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးနဲ့ ပတ်သက်၍ တင်ပြရလျှင် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဟာ အခေါင် အချုပ်ဖြစ်တဲ့အတွက် ပြည်နယ်၊ တိုင်းများရဲ့အခြေခံဥပဒေဟာ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့တော့ ညီညွတ်ဖို့လို ပါတယ်။ ကွဲလွဲခွင့်၊ ကျော်လွန်ခွင့်မရှိပါ။ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ခြင်း မရှိစေရပါဘူး။ ဖက်ဒရယ်အစိတ်အပိုင်း Unit များ၏ သီးသန့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးသား၊ ပြဋ္ဌာန်း၊ ကျင့်သုံးခွင့်ကို ခွင့်ပြုတဲ့ USA၊ Australia, Germany နဲ့ Switzerland နိုင်ငံများမှာရှိတဲ့ ပြည်နယ်များ Lander များ၊ Canton များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ယင်းတို့၏ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲခွင့်မရှိပါ။ အမေရိကန်နိုင်ငံရှိ ပြည်နယ် ၅၀ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ များသည်လည်း The Constitution of the United States of America နဲ့အညီသာ ဖြစ်ရပါတယ်။ ဒါကြောင့် ရေးဆွဲပေါ်ပေါက်လာမယ့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ဖွဲ့စည်းပုံအခြေခံဥပဒေ များဟာ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီသာလျှင် ဖြစ်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။

 

ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှု၊ ဥပဒေကို လေးစားလိုက်နာမှု၊ ဥပဒေနှင့်အညီဖြစ်မှုတို့ကို အုပ်ချုပ်သူ လူတန်းစားရော၊ အုပ်ချုပ်ခံပြည်သူများကြားမှာပါ အလေးအနက်ထားတတ်တဲ့ အလေ့အကျင့် နည်းပါးနေသေးတယ်လို့ လက်တွေ့ ဖြစ်ရပ်များက သက်သေပြနေတဲ့အတွက် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး ယခုလိုတင်ပြရခြင်း ဖြစ်ပါတယ်။

 

နောက်တစ်ချက်တင်ပြချင်တာကတော့ ယနေ့အစည်းအဝေးအပါအဝင် ဒီညီလာခံကြီးတစ်ခုလုံးရဲ့ အန္တိမ ရည်မှန်းချက်ဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အချင်းချင်းသွေးကွဲ၊ ဆန့်ကျင်တိုက်ခိုက်မှုများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်းစည်းလုံး ညီညွတ်မှုကို တည်ဆောက်ရေးသာ ဖြစ်တယ်လို့ ကျွန်တော်အလေးအနက်ယုံကြည်ပါတယ်။ စုစည်းညီညွတ်မှုနဲ့ ပြည်ထောင်စုအားကို တည်ဆောက်ဖို့ စိုင်းပြင်းနေကြတဲ့အချိန်မှာ ခွဲထွက်ဖို့ကိစ္စဟာ စဉ်းစားရန်ပင်မသင့်တဲ့အကြောင်းအရာ တစ်ရပ်လို့ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်မှာ ခွဲထွက်ခွင့် အခြေခံဥပဒေမှာကို ထည့်သွင်းခဲ့တာ ဆိုဗီယက်ယူနီယံနဲ့ ၁၉၄၇ အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ နိုင်ငံနှစ်ခု မှာပဲ ရှိခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ လက်တွေ့ဖြစ်ရပ်မှာလည်းပဲ ဆိုဗီယက်ယူနီယံဟာ တစ်စစီ၊ တစ်နိုင်ငံချင်းစီ ပြိုကွဲသွားခဲ့ရပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ဟာလည်း တတိယအကြိ်မ်ရေးဆွဲ အတည်ပြု ထားတဲ့ အခြေခံဥပဒေပြဋ္ဌာန်း အသက်ဝင်နေသည့်တိုင် ပျက်ပြယ်ပြီးဖြစ်တဲ့ ၁၉၄၇ အခြေခံဥပဒေဟောင်း မှ ပြဋ္ဌာန်းချက်ကို ကိုင်စွဲတောင်းဆိုနေသည်များရှိနေသည်မှာလည်း ပြည်ထောင်စု ခိုင်မာအားကောင်းရေး အတွက် သတိပြုစဉ်းစားရမယ့် အချက်တစ်ရပ်ဖြစ်ကြောင်း တင်ပြလိုပါတယ်။

 

ပြည်ထောင်စုရှေ့ရေးကို စဉ်းစားကြတဲ့အခါမှာ ညီလာခံကိုယ်စားလှယ်ကြီးများအပါအဝင် ကျွန်တော်တို့ မမွေးမီကတည်းက တည်ရှိနေတဲ့ နိုင်ငံရဲ့ ပထဝီအနေအထားနဲ့ ဒီအပေါ်မှာတည်မှီပြီး ဆက်စပ်ဖြစ်ပေါ်လာတဲ့ ပထဝီနိုင်ငံရေးအနေအထားတွေကို မလွဲမသွေ ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနဲ့ စစ်အင်အား၊ စီးပွားရေးအင်အားအပြင် နည်းပညာအင်အားပါ အဆမတန်သာလွန်တဲ့ နိုင်ငံကြီး နှစ်ခုကြားထဲမှာ တည်ရှိနေပြီး တစ်ဖက်မှာ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံ၊ တစ်ဖက်မှာ မိမိနိုင်ငံကို Greater လို့ရှေ့ကခံပြီး ပိုမိုကျယ်ပြန့် အင်အားကြီးထွားအောင် ချဲ့ထွင်လိုသော နိုင်ငံများအကြားမှာ လက်တွေ့တည်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီပထဝီနိုင်ငံရေး ပေးထားချက်များအရ လက်ငင်းရင်ဆိုင်နေရတဲ့ ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှုတွေကို ဒီနေ့မပြိုမပျက်ရှိနေတဲ့ ပြည်ထောင်စုကြီးအနေနဲ့တောင် အတော် ကြံ့ကြံ့ခံ ရင်ဆိုင်နေရတာဖြစ်တော့ ပြည်ထောင်စုအင်အားလျော့မယ့်အရေးထက် အင်အားကောင်းဖို့ အရေးကိုသာ ဦးတည်ချက်ထား၊ ဦးစားပေးဆောင်ရွက်သင့်တယ်လို့ အဖြေထွက်ပါတယ်။

နိုင်ငံအနှံ့ တိုင်းရင်းသားလူမျိုးများ ပျံ့နှံ့နေထိုင်မှုကိုကြည့်ရင်လည်း နောက်ဆုံးကောက်ယူ ရရှိထားတဲ့ စာရင်းများအရ ကချင်ပြည်နယ်မှာ လူမျိုးပေါင်း ၁၀၀ ကျော်၊ ကယားပြည်နယ် သေးသေးကျဉ်းကျဉ်းထဲမှာ ၈၆ မျိုး၊ ရှမ်းပြည်နယ်မှာ လူမျိုးပေါင်း ၁၀၀ ကျော် လက်ရှိစာရင်းပေါက်နေထိုင်ကြပါတယ်။ ဘယ်လူမျိုး ထိခွဲ၊ ဘယ်လူမျိုးအထိတွဲဖို့ဆိုတာ အဖြေထုတ်ဖို့ တော်တော်ခက်တဲ့ကိစ္စပါ။ Domino Effect ဆိုတာ ကမ္ဘာ့ နိုင်ငံရေးသမိုင်းမှာ ထင်ထင်ရှားရှား ဥပမာတွေရှိထားပြီးသားပါ။ မြန်မာမှုပြုရင်တော့ တစ်ယောက်က စ တစ်ရာဖြစ်နိုင်တာမို့ အထူးသတိထားကြဖို့ အလေးအနက် ပန်ကြားလိုပါတယ်။

ဖူးပွင့်ဝေဆာလာမှာဖြစ်

ဒီကနေ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေအားလုံးဟာ သာမန်ပြည်သူတွေ ထင်ထားသလို တန်းတူ ညီမျှမရှိမှု၊ ခွဲခြားဖိနှိပ်မှု၊ ဖက်ဒရယ်ဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့ ဖွဲ့စည်းမှုပုံစံပြဿနာမျှသာမဟုတ်ဘဲ နောက်ကွယ်မှာ အလွန်ရှုပ်ထွေးတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အချက်အလက်တွေ အနီးကရော၊ အဝေးက ရော နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်မှုတွေရှိနေတာ ကိုလည်း ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ ရှုပ်ထွေးလှတဲ့နောက်ခံအကြောင်းတရားတွေ ရိုးရိုးရှင်းရှင်းမဟုတ်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ ရှိခဲ့ရှိဆဲဖြစ်တာ ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ဇယားသတ်မှတ်ပြီး ဘယ်နှနှစ်အတွင်းပြီးရမယ်၊ သူ့လက်ထက် မှာ ပြီးအောင်လုပ်မယ်၊ ကိုယ့်လက်ထက်မှာ ပြီးအောင်လုပ်မယ်ဆိုတဲ့ တင်ကြိုတွေးတော ပိုင်းဖြတ်မှုများ ဟာလည်း စိတ်ကူးယဉ်ဆန်ပြီးလုပ်ငန်းစဉ်ရဲ့ ခက်ခဲနက်နဲမှု၊ နှလုံးရည်နဲ့ ဉာဏ်ပညာ အမြော်အမြင် လိုအပ်မှု၊ စိတ်ရှည်သည်းခံနိုင်စွမ်း၊ စေ့စပ်ညှိနှိုင်းခြင်း ဘာသာရပ်ကျွမ်းကျင်မှု၊ စာနာနားလည်တတ်မှု စတဲ့ ကျွမ်းကျင်လိမ္မာမှုများနဲ့ ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် အချိန်အကန့်အသတ်ဟာ အဓိကမကျဘဲ ပြည်ထောင်စုကို ချစ်ခင်စည်းလုံးမှုကို အလေးထားတန်ဖိုးထားမှု၊ ပြည်ထောင်စုရဲ့အချုပ်အခြာအာဏာကို အသက်ဝိညာဉ်သဖွယ် ခင်တွယ်တန်ဖိုးထားမှုများ လူတိုင်းကိုယ်စီမှာ ရှိကြမှသာလျှင် စေ့စပ်ညှိနှိုင်းမှုများ ချောမွေ့အောင်မြင်လိမ့်မယ်လို့ တင်ပြလို ပါတယ်။ ဒါကြောင့် ပြည်ထောင်စုနဲ့ ပြည်ထောင်စုသားအားလုံးရဲ့ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် စေ့စပ်ညှိနှိုင်းပွဲကို တက်ရောက်လာသူတိုင်းရဲ့ရင်မှာ အမျိုးသား အကျိုး စီးပွားဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ သန္နိဋ္ဌာန်စိတ် ခိုင်ခိုင်မြဲမြဲစွဲကိုင်ထားမှသာ ပြည်ထောင်စုသားအားလုံး တမ်းတမ်း တတ အလိုရှိနေကြတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကြီး ဖြစ်ထွန်းပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ပန်းခင်းကြီး ဖြစ်ပေါ်လာမှသာ ဒီမိုကရေစီအသီးအပွင့်များလည်း ဖူးပွင့်ဝေဆာလာမှာ ဖြစ်ပါ ကြောင်း အလေးအနက်တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။