မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာ ခေါင်းဆောင်တွေကနေစပြီးမရှိမဖြစ်လိုအပ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးကို လုပ်ဆောင်ဖို့လိုပါတယ်

Printer-friendly versionSend by email

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

 

ဇွန်လ ၂၄ ရက်ထုတ်The Global New Light Of Myanmar သတင်းစာ တွင်ပါရှိသော မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးMr. Daniel Zonshine နှင့် တွေ့ဆုံမေးမြန်းထားမှုကို ဘာသာပြန်ဆို ဖော်ပြ လိုက်ပါသည်။

 

မေး။ ။ အစ္စရေးနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ၁၉၅၃ ခုနှစ်ကတည်းက သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ နှစ်နိုင်ငံအကြားမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိခဲ့ကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့နှစ်နိုင်ငံ အကြားမှာ သံတမန်ဆက်ဆံရေး တိုးတက်အောင်မြင်လာမှု အပေါ် သိလိုပါတယ်။

 

ဖြေ။ ။ မှန်ပါတယ်။ ကျွန်တော်တို့ဟာ ၁၉၅၃ ခုနှစ်ကတည်းက သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမှာကိုယ်စားလှယ်တွေ ထားရှိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ရှုထောင့်အရပြောရရင် ဒီဆက်ဆံရေး ဟာ အင်မတန်မှ မဟာဗျူဟာမြောက်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးထားတဲ့ ကျွန်တော်တို့ကိုယ်စားလှယ်ဆိုရင် အတွေ့အကြုံများပြားတဲ့ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး သံတမန်ဆက်ဆံရေးတိုးတက်အောင်မြင်ဖို့ သူကပဲ စတင်လုပ် ဆောင်ခဲ့ပါတယ်။

 

အစ္စရေးနိုင်ငံကို ပထမဦးဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံတော်အကြီးအကဲက ဝန်ကြီးချုပ် ဦးနု ဖြစ်ပါတယ်။ အဲဒီနှစ်ကာလတွေအတွင်းမှာ နှစ်နိုင်ငံ အကြားဆက်ဆံရေးတွေ၊ လှုပ်ရှား ဆောင်ရွက်မှုတွေ၊ ပြည်သူများအပြန်အလှန် သွားရောက်လည်ပတ်မှုတွေ၊ သင်တန်းနဲ့ အသိပညာ ဖလှယ်မှုတွေများစွာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ နှစ်နိုင်ငံအကြားဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး မြန်မာနိုင်ငံမှာသံရုံးကို အမြဲတမ်းထားရှိခဲ့ရုံမက သံရုံးပိတ်ပင် ခြင်း သို့မဟုတ် သံအမတ်ထက်နိမ့်သော သံရုံးအကြီးအကဲခန့်ထားခြင်းတွေကို ရှောင်ရှားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်များ အတွင်းကလည်း ပူးပေါင်း ဆောင်ရွက်မှုအတွက် ဖြစ်နိုင်ခြေများပြားလာတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဒီအခြေခံ ကောင်းတွေနဲ့ အတူ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုကို ကြိုးစားစီစဉ်ထားရှိပြီး အဲဒီအတွက် ကြီးမားတဲ့အခြေအနေကောင်းတစ်ရပ် ရှိနေတယ်လို့ မြင်ပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး အဆွေတော်ရဲ့အမြင်ကို သိချင်ပါတယ်။

 

ဖြေ။ ။ ဒါကတော့ အင်မတန်ကြီးမားတဲ့ အရေးကိစ္စတစ်ခုပါ။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံကနေလာပြီး ဒီမိုကရေစီယဉ်ကျေးမှု သိပ်ပြီးမထွန်းကားသေးတဲ့ ဒေသတစ်ခုမှာ ရောက်ရှိလာခဲ့တဲ့အတွက် ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ပါတယ်။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲကျင်းပရုံ၊ မဲပေးရုံမျှ မကဘဲ စိတ်နေစိတ်ထား၊ လွတ်လပ်စွာပြောဆိုရေးသားမှု၊ စာနယ်ဇင်းလွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ ဆက်နွှယ်ပတ်သက်တဲ့ ဒီမိုကရေစီကနေဆင်းသက်လာတဲ့ အကြောင်းကိစ္စများစွာ ပါဝင်ပါတယ်။ အချိန်ယူရမယ့်လုပ်ငန်းစဉ်တစ်ခုဖြစ် တာကြောင့် ပြည်သူရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲဖို့ဆိုတာ ကြေညာချက် ထုတ်ပြန်ရုံ သို့မဟုတ် သဘောတူညီချက် လက်မှတ်ရေးထိုးရုံကနေတစ်ဆင့် နေ့ချင်းညချင်း လုပ်ဆောင်လို့မရနိုင်ပါဘူး။ ပညာရေးနဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲ ပေးရေး တို့နဲ့ ဆက်စပ်နေပါတယ်။

 

အစ္စရေးလူမျိုးရဲ့ သမိုင်းကြောင်းနဲ့နှိုင်းပြီး ဥပမာပေးရရင် ကျွန်တော်တို့ သဲကန္တာရထဲမှာ လှည့်လည် သွားလာတာ နှစ် ၄ဝ ကြာခဲ့ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲပေးရတဲ့ လုပ်ငန်းစဉ်တစ်ရပ်က အချိန်ကြာလေ့ရှိပါတယ်။ မျှော်လင့်ချက်ကလည်း အလွန်ကြီးမားတဲ့အတွက် မျှော်လင့်ချက်တွေနဲ့ လက်တွေ့ဘဝကြားမှာ ပဋိပက္ခအချို့ရှိနိုင်ပါတယ်။

 

သို့သော်လည်း အမျိုးသားအဆင့် သဘောတူညီချက်လက်မှတ်ရေးထိုး ပြီးတာနဲ့ အကောင် အထည် ဖော်လာနိုင်မှာဖြစ်ပါတယ်။ ရေရှည်မှာတော့ အောင်မြင်မှုရလာလိမ့်မယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီဟာ ရွေးကောက် တင်မြှောက်ရုံမဟုတ်ဘဲ လုပ်ငန်းခွင်ဘဝ၊ လူ့အဖွဲ့အစည်းတစ်ရပ် လည်ပတ်မှု၊ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းအတွင်း အမျိုးမျိုးသောအင်အားစုတွေကို ဟန်ချက်ညီအောင် ထိန်းကျောင်းမှု တွေလည်း ပါဝင်ပါတယ်။ ဒီအခြေအနေအထိ မြန်မာနိုင်ငံကို မြန်မြန် ရောက်စေချင်ပါတယ်။ သို့သော်လည်း စိတ်ရှည်ဖို့လိုပါ တယ်။

 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာ ကြာပါပြီ။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ ခေါင်းဆောင်တွေကနေစပြီး မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးကို လုပ်ဆောင်ဖို့လိုပါတယ်။ ဒါကလည်း တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားကိုကြည့်ပြီး ထိပ်ပိုင်းဖြစ်တဲ့ အစိုးရ၊ စစ်ဘက်နဲ့ လူနည်းစု တိုင်းရင်းသားတွေက စတင်ရမှာဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်ချက် တစ်ခုကတော့ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားတဲ့အခါနဲ့ အကျိုးစီးပွားချင်း မတူကွဲပြား ခြားနားမှုတွေကို ကျဉ်းစေတဲ့အခါ တစ်ဖွဲ့ချင်းရဲ့အကျိုးစီးပွားဟာ သဘောသဘာဝအရ ကွဲပြား ခြားနားတယ် ဆိုတာ သိထားဖို့ပါပဲ။

 

အဲဒီအဆင့်ကိုရောက်ရင် ယုံကြည်မှုဟာ မရှိမဖြစ်လိုအပ်လာပါပြီ။ ထိပ်ပိုင်းက ပြေလည်မှုမရှိရင် အောက်ပိုင်း အဆင့်တွေကပဲ ထိခိုက်နစ်နာမှု အများဆုံးဖြစ်စေပါတယ်။ တိုက်ပွဲတွေဖြစ်ရင် ပြည်သူတွေ ကသာ မြေစာပင် ဖြစ်ပြီး သေသူသေ၊ အိုးပစ်အိမ်ပစ်ဘဝ သို့မဟုတ် အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်သူရောက် ဖြစ်ခဲ့ကြရပါတယ်။ ဒါကြောင့်မို့လည်း ထိပ်ပိုင်းကခေါင်းဆောင် တွေက အောက်ခြေပိုင်း အဆင့်တွေ ပြေလည်မှုရအောင် လုပ်ဆောင်ပေးမှ သာလျှင် အားလုံးအတွက် အကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။

 

ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ ၁၉၇၃ ခုနှစ်က အီဂျစ်၊ ဆီးရီးယားတို့နဲ့ စစ်ပွဲပြင်းထန်စွာဖြစ်ပွားပြီး လေးနှစ်အကြာလောက်မှာ အီဂျစ်သမ္မတ အန်ဝါ ဆာဒတ်ဟာ အစ္စရေးကိုရောက်ရှိလာခဲ့ပါတယ်။ အမှန်တော့ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားတာတွေရှိပါတယ်။ ဒါပေမဲ့ အစ္စရေးကို သူရောက်တဲ့ အချိန်မှာ ပြည်သူတွေရဲ့စိတ်ထားတွေ ပြောင်းလဲသွားပါတယ်။

 

ကျွန်တော်တို့လွတ်လပ်ရေးရရှိဖို့အတွက် ၁၉၄၈ နဲ့ ၁၉၅၆ ခုနှစ်မှာ အီဂျစ်နိုင်ငံနဲ့ စစ်ဖြစ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ တစ်ကြိမ်နဲ့ ၁၉၇၃ ခုနှစ်မှာ နောက်ထပ်တစ်ကြိမ် စစ်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး စစ်ပွဲဖြစ်တဲ့ ၁၉၇၃ ခုနှစ် စစ်ပွဲမှာ နှစ်ဦးနှစ်ဖက် အကျအဆုံးများခဲ့ပါတယ်။ အဲဒီကနေ ပြည်သူတွေရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားခဲ့ပါတယ်။ ဒါကြောင့်မို့ အောက်ခြေကို လုပ်ပိုင်ခွင့်ပိုပြီးပေးတဲ့ ချဉ်းကပ်မှုနည်းလမ်းဟာ ကောင်းမွန်တယ်လို့ ပြောလိုပါတယ်။

 

ပုဂ္ဂိုလ်ရေးရာကိစ္စတွေမှာ တစ်ဦးနဲ့တစ်ဦး အမြင်မကြည်လင်တာတွေရှိမယ်လို့ မထင်ပါဘူး။ စစ်ပွဲထက် ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းချင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေများလာရင် ပြည်သူတွေရဲ့ စိတ်နေ စိတ်ထားတွေလည်း ပြောင်းလဲလာနိုင်ပြီး နောက်ထပ်အရွေ့တစ်ခုရရှိလာမှာဖြစ်ပါတယ်။ အတိတ်က အချင်းချင်းတိုက်ခိုက်မှု၊ သဘောထားကွဲလွဲမှုနဲ့ မတူညီတဲ့အကျိုးစီးပွားတွေ ကြောင့် တစ်ဦးပေါ် တစ်ဦး မကျေနပ်ချက်များရှိနေမှာဖြစ်ပါတယ်။ ထိပ်ပိုင်း ကနေ အောက်ခြေကိုလာတဲ့ ပြောင်းလဲမှုတွေရှိလာရင် ကျွန်တော်တို့ပြောနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်မှုရဖို့ဆိုတာ သိပ်ပြီးမခဲယဉ်းဘူးလို့ ထင်ပါတယ်။

 

မေး။ ။ ဒါဟာ အလွန်စိတ်ဝင်စားဖို့ကောင်းပြီး အလွန်ပဲကောင်းမွန်တဲ့ သင်ခန်းစာတစ်ခုလား။

 

ဖြေ။ ။ ကျွန်တော်တို့ဟာ တခြားနိုင်ငံတွေကိုကြည့်ပြီး သူတို့ရဲ့အမှားတွေကို သင်ခန်းစာ ယူတတ်ဖို့ လိုအပ်သလို အဲဒီနိုင်ငံတွေကနေ ကောင်းကွက်တွေကို သင်ယူပြီး မြန်မာနိုင်ငံနဲ့ သင့်တော်မယ့်၊ လူမျိုးနဲ့သင့်တော်မယ့်ဟာတွေကို ရယူအသုံးပြုရမှာဖြစ်ပါတယ်။ သူများတွေဆီက အတွေ့အကြုံနဲ့ အကူအညီကို ယူပြီး သူတို့ထက်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ရရှိအောင် ဖော်ဆောင် မြှင့်တင်ဖို့ လိုအပ်ပါတယ်။

 

မေး။ ။ မြန်မာနဲ့ အစ္စရေးအကြား ပူးပေါင်းဆောင်ရွက်မှုတွေများစွာရှိနေတယ်လို့သိရပါတယ်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုး ရေးနဲ့ နည်းပညာနယ်ပယ်တွေမှာဖြစ်ပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအပါအဝင် နောက်ထပ်ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေ ကို ပြောပြပေးစေလိုပါတယ်။

 

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံတွေနဲ့ အတွေ့အကြုံ၊ ဗဟုသုတ မျှဝေတာတွေ၊ အလေးထားဆောင်ရွက်တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံဆိုရင် ကျွန်တော်တို့ဦးစားပေးလုပ်ဆောင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်ရင်း တစ်ချိန်တည်းမှာပဲ စီးပွားဖြစ်နယ်ပယ်တွေမှာ ဆက်ဆံရေးမြှင့်တင်လျက်ရှိပါတယ်။ မနေ့ကပဲ ဘန်ကောက်ကို ခဏတာသွားရောက်လည်ပတ်ပြီး ပြန်ရောက်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ မြန်မာ လူငယ် အချို့နဲ့တွေ့ဆုံခဲ့ရပြီး ထိုမြန်မာလူငယ်တွေဟာ အစ္စရေးမှာ ၁၁ လကြာသွားရောက်ပြီး ပြန်လာတဲ့လူငယ်တွေ ဖြစ်နေပါတယ်။ သူတို့တွေဟာ အစ္စရေးနိုင်ငံကလုပ်ဆောင်တဲ့ စီမံကိန်းတစ်ခုမှာ ပါဝင်သူတွေ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းက အစ္စရေးနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးမှာ လေ့လာ သင်ယူရေးနဲ့ လုပ်ငန်းခွင်အတွက် မြန်မာလူငယ်တွေကိုခေါ်ယူတဲ့ ၂၃ နှစ်ကြာ စီမံကိန်းဖြစ်ပါတယ်။

 

သူတို့တွေဟာ အစ္စရေးနိုင်ငံရဲ့ နည်းပညာနဲ့ စက်မှုနည်းပညာတီထွင် ကြံဆမှုတွေမှာ ထိတွေ့မှု ရစေမှာဖြစ်တဲ့အပြင် အစ္စရေးလယ်သမားတွေရဲ့ စိတ်ဓာတ်ကနေ စိုက်ပျိုးရေးကဏ္ဍမှာ မရှိမဖြစ် လိုအပ်တဲ့ ခေတ်မီစိုက်ပျိုးရေး၊ စီမံကိန်း၊ အတွေ့အကြုံ၊ သုတေသနနဲ့ နည်းလမ်းကောင်းတွေကို ပိုပြီးသိရှိ လာမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးရေးလုပ်ငန်းအများစုဟာ သမားရိုးကျဖြစ်ပြီး အဲဒီကနေတစ်ဆင့် တီထွင်ကြံဆမှုဘက်ကို ရောက်ရှိလာဖို့ဟာ အလွန်အရေးကြီး ပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံကို သွားရောက်ကြတာ နှစ် ၂ဝ ကျော် ကြာပြီ ဖြစ်တဲ့အတွက် အဲဒီက ရလာတဲ့အကျိုးကျေးဇူးဟာ တစ်ဦးချင်းအတွက်သာမက လူ့အဖွဲ့အစည်းအတွက်ပါ အတိုင်းအတာ တစ်ခုအထိ အကျိုးရှိခဲ့ပြီလို့ ထင်ပါတယ်။ မြန်မာလူငယ် ၂ဝဝ ဝန်းကျင်လောက်ဟာ နှစ်စဉ် အစ္စရေးနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ သွားရောက် ပညာ သင်ကြားခဲ့ရပါတယ်။

 

အဲဒီလူငယ်တွေနဲ့ စကားပြောကြည့်ရာမှာ သူတို့တွေထဲက အများစုဟာ အစ္စရေးနိုင်ငံကရလာတဲ့ အတွေ့အကြုံအပေါ် အားရကျေနပ်မှုရှိကြကြောင်း သိရပါတယ်။ အဲဒီအစီအစဉ်နဲ့ အစ္စရေးနိုင်ငံမှာ သွားရောက်ပညာသင်ယူတဲ့ လူငယ်တွေ ၂ဝဝဝ ကျော်ရှိနေပြီလို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကို ရောက်ရှိသွားခဲ့စဉ်မှာ ပါမောက္ခတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီ ပါမောက္ခက ၂ဝဝဝ ခုနှစ်မှာ အစ္စရေးကိုရောက်ရှိခဲ့ကြောင်းနဲ့ စိုက်ပျိုးရေးပညာကို သင်ယူ ခဲ့ရကြောင်း ပြောပါတယ်။

 

အခြားနယ်ပယ်တွေက အစိုးရအချင်းချင်းကြား ဆက်သွယ်မှုနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ အစ္စရေးနိုင်ငံက အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းအေဂျင်စီ ဒုတိယအကြီးအကဲရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်တစ်ခုရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ ဦးစားပေး နယ်ပယ်တွေကိုဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အစ္စရေးနိုင်ငံက နယ်ပယ်များစွာမှာ အတွေ့အကြုံတွေရှိပြီး လယ်ယာစိုက်ပျိုးရေးကတော့ အဲဒီနယ်ပယ်တွေထဲက တစ်ခုဖြစ်ပါတယ်။

 

ကျွန်တော်တို့နိုင်ငံက ရေအရင်းအမြစ်စီမံခန့်ခွဲရေးမှာလည်း အတွေ့အကြုံရှိပြီး ပြီးခဲ့တဲ့နှစ်က ရေအရင်းအမြစ် စီမံခန့်ခွဲရေးမှာ အစ္စရေးနိုင်ငံရဲ့ အတွေ့အကြုံနဲ့ပတ်သက်လို့ စာအုပ်တစ်အုပ်ကို မြန်မာဘာသာကို ဘာသာပြန် ဆိုခဲ့ပါတယ်။ အဲဒီစာအုပ်က မြန်မာနိုင်ငံနဲ့ အလွန်ကိုဆီလျော်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဒေသအချို့က အချို့ကာလတွေမှာ ရေအခက်အခဲ ကြုံတွေ့ရလို့ဖြစ်ပါတယ်။

 

ဒါကြောင့် အစ္စရေးနိုင်ငံရဲ့သင်ခန်းစာအချို့ကို မြန်မာနိုင်ငံမှာ အသုံးချနိုင် တယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းက ရေအရင်းအမြစ် စီမံခန့်ခွဲရေးနဲ့ ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ရေကိုသုံးစွဲဖို့ နည်းပညာတွေနဲ့ အစီအစဉ်ကို ဘယ်လိုအသုံးပြုတယ်ဆိုတာ ရေဆင်းတက္ကသိုလ်မှာ သင်ခန်းစာ ပို့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီသင်ခန်းစာပို့ချမှုတွေမှာ ရေကိုချွေတာရေး သာမကပါဘူး။ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့သုံးစွဲရေးလည်း ပါဝင်ပါတယ်။ အပင်တွေလိုအပ်တဲ့ ရေပမာဏ လောက်ကိုပဲ သုံးစွဲပြီး ဆည်တွေနဲ့ ရေအရင်း အမြစ်တွေကို စီမံခန့်ခွဲတာတွေဖြစ်ပါတယ်။ ဒါတွေကတော့ ရေအရင်းအမြစ် စီမံခန့်ခွဲရေးနယ်ပယ်မှာ ကျွန်တော်တို့ရဲ့အတွေ့အကြုံကို မျှဝေနိုင်တာတွေပဲ ဖြစ်ပါတယ်။

 

ယေဘုယျအားဖြင့် ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် အစ္စရေးနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှုပိုမိုများပြားတဲ့ ကာလရှည်စီမံကိန်းတစ်ခု ဖြစ်လာမယ့် ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချ လုပ်ကိုင်ဖို့ ပိုနှစ်သက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အစ္စရေးနိုင်ငံရဲ့ အဓိက ကူညီ ထောက်ပံ့မှုကတော့ စွမ်းဆောင် ရည် မြှင့်တင်ရေးနယ်ပယ်ဖြစ်ပါလိမ့်မယ်။ ဥပမာအားဖြင့် စိုက်ပျိုးရေး နယ်ပယ်က ကျွမ်းကျင်သူတွေက စာသင်ခန်းထဲမှာသာမက စိုက်ကွင်းတွေထိဆင်းပြီး လက်တွေ့ကျကျ ဘယ်လိုလုပ်ဆောင်ရတယ်ဆိုတာပြသရင်း စိုက်ပျိုးရေးနဲ့ ရေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

ကျန်းမာရေးကဏ္ဍမှာ ဆောင်ရွက်ချက်တွေရှိခဲ့ပြီး မြန်မာ ကလေးအထူးကု ဆရာဝန်နှစ်ဦး အစ္စရေးနိုင်ငံက ဆေးရုံတစ်ရုံကို တစ်လကြာသွားရောက်လည် ပတ်ခဲ့သလို ဒီလိုအစီအစဉ် ဆက်လက် ရှိနေစေဖို့ ကာလရှည်စီမံကိန်းတစ်ခု ဖြစ်စေဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီးနဲ့ ကျွန်တော်တို့ဆွေးနွေး နေပါတယ်။ မျက်စိကုသရေးပညာကဏ္ဍမှာ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက် မှုရှိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အစ္စရေးမျက်စိအထူးကုဆရာဝန် ကိုးဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။

 

သူတို့ကNGO တစ်ခုဖြစ်ပေမယ့် နည်းပညာမျှဝေဖို့နဲ့ မျက်စိကုသရေး နယ်ပယ်မှာ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ဖို့ အစိုးရရဲ့အထောက်အပံ့နဲ့ မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။ အတွေ့အကြုံ ရရှိရေးအစီအစဉ်အရ အစ္စရေးနိုင်ငံမှာ ခြောက်လကြာနေထိုင်နေတဲ့ ဆရာဝန်ကြီးတစ်ဦးလည်း ရှိပါ သေးတယ်။ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နေတဲ့ နယ်ပယ်များစွာရှိပြီး အများစုက စွမ်းဆောင်ရည် မြှင့်တင်ရေးအပေါ် အခြေခံပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံက စီးပွားရေးပြုပြင်ပြောင်းလဲမှုကို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနဲ့ ပြိုင်တူ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အစ္စရေးနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး သိလိုပါတယ်။

 

ဖြေ။ ။ရင်းနှီးမြှုပ်နှံမှုမှာ အစ္စရေးနိုင်ငံက ပုဂ္ဂလိကကဏ္ဍက တစ်ခုပတ်သက် ဆက်နွှယ်နေပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံက ပုဂ္ဂလိကကဏ္ဍကို သတင်းပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံအကြောင်းသိဖို့ အကောင်းဆုံးနည်းလမ်း ကတော့ စာတွေကတစ်ဆင့် ဖတ်နေရုံသာမကဘဲ သွားရောက်လည်ပတ်ဖို့လည်း လိုပါ တယ်။ ဒါကြောင့် အစ္စရေးပြည်သူတွေ မြန်မာနိုင်ငံကို လာရောက်ဖို့နဲ့ မြန်မာ ပြည်သူတွေ အစ္စရေးနိုင်ငံကိုသွားရောက်ဖို့ ကျွန်တော်တို့ အားပေးပါတယ်။

 

မြန်မာနိုင်ငံက ဖြစ်နိုင်ဖွယ်ရာအလားအလာတွေနဲ့ စိန်ခေါ်မှုတွေကို ဖော်ထုတ်ဖို့နဲ့ စီးပွားရေးလုပ်ငန်း အချင်းချင်းဆက်သွယ်မှုဖန်တီးနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ အစ္စရေးနိုင်ငံတည်ထောင်မှု၊ အစိုးရ၊ ပြည်သူ နဲ့ ပုဂ္ဂလိကကဏ္ဍနဲ့တွေ့ဆုံဖို့ ပြီးခဲ့တဲ့လက အစ္စရေးနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဆက်သွယ်ရေး၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ နည်းပညာနယ်ပယ်တွေမှာ လုပ်ငန်းလည်ပတ်နေတဲ့ အစ္စရေးကုမ္ပဏီတွေရှိပါတယ်။ အစိုးရတစ်ခု အနေနဲ့ ကျွန်တော်တို့ အားပေး ပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုချည်းပဲ ပြုလုပ် မနေပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုချည်းပဲပြုလုပ်တာက ကျွန်တော်တို့အစိုးရ လုပ်ဆောင်နေတဲ့ နည်းလမ်းမဟုတ်ပါဘူး။ အခြားနိုင်ငံတွေလို အလွန်ကြီးမား တဲ့စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံကိုလာတာ မဟုတ်ပေမယ့် အစိုးရအဆင့်မှာ လေ့ကျင့်ရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်တွေမှာ အလေးပေးကူညီပေးပါတယ်။

 

မြန်မာနိုင်ငံက အလွန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အချိန်အခါ တစ်ရပ် ကြုံတွေ့နေရပြီး ဖွံ့ဖြိုး တိုးတက်မှုက ငြိမ်းချမ်းရေးရရှိစေမလား၊ ငြိမ်းချမ်းရေးက ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမလားဆိုတာ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ တစ်ဖက်တည်းကို သီးသန့်ထားပြီး အခြားတစ်ဖက်ကို အလေးပေး နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါဟာ အလွန်အလေးထားပြီး အခြားသူတွေထံက အတွေ့အကြုံ သင်ယူဖို့ လိုအပ်တဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကြိုးပမ်းမှုတွေ ဘယ်လိုပြုလုပ် တယ်ဆိုတာနဲ့ အလုပ်တွင်စေဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အကူအညီ အသုံးပြုခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အချိန်မရှိလို့ဖြစ်ပါတယ်။

 

မေး။ ။မကြာသေးမီကပြုလုပ်ခဲ့တဲ့ ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်တွင်းစစ်ကို ကျွန်မတို့လုပ်ဆောင်ခဲ့တာမဟုတ် ပေမယ့် မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းရေးကို စတင်ပြုလုပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေရဲ့ပါဝင်ဆောင်ရွက် မှုကိုလည်း သူက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် လူကြီးမင်းရဲ့အကြံပြု ချက်အတိုင်း ကျွန်တော်တို့ နည်းလမ်းတွေကို မျှော်လင့်ပါတယ်။

 

ဖြေ။ ။ဟုတ်ပါတယ်။ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ။ စီးပွားရေး၊ ပညာရေးနဲ့ အခြားအမြင်အရ ခင်ဗျားအနေနဲ့ ကမ္ဘာကြီးရဲ့တစ်စိတ်တစ်ဒေသဖြစ်လာနေတယ်ဆိုတာကြည့်ဖို့ ဟိုဟိုသည်သည် လျှောက်ကြည့်သင့်ပါတယ်။ ကိုယ့်နိုင်ငံရဲ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပဋိပက္ခ တစ်ခုလိုထင်ရပေမယ့် ဒါက ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်ပါ တယ်။

 

မေး။ ။စိန်ခေါ်မှုတွေက အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါသလား။

 

ဖြေ။ ။စိန်ခေါ်မှုတွေက အမြဲတမ်းရှိနေပြီး ခင်ဗျားအနေနဲ့စိန်ခေါ်မှုတွေက ရှောင်ကြဉ်လို့မရနိုင်ပါဘူး။ ကမ္ဘာ့နိုင်ငံတွေကိုကြည့်မယ်ဆိုရင် စီးပွားရေး၊ လူမှုအဖွဲ့အစည်း၊ ပြည်တွင်း ဒါမှမဟုတ် ပြည်ပ ငြိမ်းချမ်းရေးစတဲ့ စိန်ခေါ်မှုတွေ ကင်းလွတ်တဲ့ နိုင်ငံရယ်လို့ မရှိပါဘူး။ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေ မှာတောင် လူဝင်မှု နဲ့ ကမ္ဘာ့ကုန်သွယ်မှုလို သူတို့ရဲ့သက်ဆိုင်ရာ စိန်ခေါ်မှုပြဿနာတွေရှိပါတယ်။

 

မေး။ ။နောက်ဆုံးမေးခွန်းကတော့ မြန်မာနဲ့ အစ္စရေးအကြား နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။

 

ဖြေ။ ။မြန်မာနိုင်ငံကိုလာရောက်မယ့် အစ္စရေး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီ တွေအနေနဲ့ စိန်ခေါ်မှု အချို့ ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ ဇောက်ချ ဆောင်ရွက်မှာကတော့ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ စိုက်ပျိုးရေး၊ ပညာရေးနဲ့ ဆေးဝါးလို အစ္စရေးနိုင်ငံရဲ့ အတွေ့အကြုံနဲ့ ပတ်သက်တဲ့ အားသာချက် တွေဖြစ်ပါ တယ်။ အပူပိုင်းဒေသ စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ၊ နည်းပညာတွေကို မြန်မာနိုင်ငံကို မျှဝေပေးနိုင်ပါတယ်။ မြန်မာနဲ့ အစ္စရေးကြား ပူးပေါင်းဆောင်ရွက်မှုအချို့နဲ့ လုပ်ဆောင်ဆဲ စီမံကိန်းတွေရှိပေမယ့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က မြန်မာ အာဏာပိုင်တွေရဲ့ စိတ်ဝင်စားမှုနဲ့ လိုလားမှုတွေအတိုင်း ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အလေးပေးဆောင်ရွက်ဖို့ဖြစ်ပါတယ်။