NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်

Printer-friendly versionSend by email

ချင်းမိုင် ဇူလိုင် ၂

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန် ၂၈ မှ ဇူလိုင် ၂ ရက်အထိ ငါးရက်တာ ကျင်းပခဲ့သည်။

 

အဆိုပါ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာချက်တစ်စောင် ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ကို ချင်းအမျိုးသားတပ်ဦး (NCF) ၏ ဥက္ကဋ္ဌ ပူးဇင်းကျုံး က သတင်းစာရှင်းလင်းပွဲတွင် ဖတ်ကြားခဲ့သည်။

 

PPST ၏ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTအစည်းအဝေးကို ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် လူမျိုးအလိုက်၊ ဒေသ အလိုက်၊ အကြောင်းအရာအလိုက် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၊ လုပ်ငန်း ကော်မတီအစည်းအဝေးများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး အခင်းအကျင်း၊ စိန်ခေါ်မှုများ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး၏ အားနည်းချက် အားသာချက်များကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း။

 

ထိုသို့သုံးသပ်ရာတွင် တိုင်းရင်းသားလူမျိုးများ၏ အဓိကလက္ခဏာရပ် များဖြစ်သော ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ အခန်းကဏ္ဍ၊ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေ ပိုင်းခြားထားရှိမှု၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ပူးတွဲ အကောင်အထည်ဖော်ခြင်း စသည့် အရေးကြီးသည့် အချက်အလက် များကို ဆက်လက်ဆွေးနွေးရမည်ဟု တွေ့ရှိရကြောင်း။

 

ထို့ပြင်NCA ကို အကောင်အထည်ဖော်ရာ၌ အစိုးရ၊ တပ်မတော်နှင့်NCA-S-EAO များအကြား NCAအပေါ် နားလည်မှုနှင့် အဓိပ္ပာယ် ဖွင့်ဆိုမှု မတူညီကြောင်းကို သုံးသပ်တွေ့ရှိရကြောင်း၊ ထို့ကြောင့်NCA ဆိုင်ရာ အခြေခံမူ၊ ခံယူချက် သဘောထားများနှင့် ကတိပြုချက်များကို လိုက်နာခြင်း၊ အကောင် အထည်ဖော်ခြင်း တို့အပေါ် သက်ရောက်မှုရှိခဲ့ပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုဆိုင်ရာ အခြေခံတို့နှင့် ပတ်သက်ပြီး အားနည်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း။

 

ထို့ကြောင့်NCAအကောင်အထည်ဖော်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး ပိုမိုထိရောက် အောင်မြင်ရေးနှင့် NCA-S EAO အဖွဲ့အစည်းများအတွင်း အမြင်သဘော ထားရပ်တည်ချက်များ ပိုမိုခိုင်မာစေရေးတို့ကိုရည်ရွယ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် သုံးသပ်ပြင်ဆင်သွားရန် သဘောတူညီခဲ့ကြောင်း။

 

PPST သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှု၍ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် သက်ဆိုင်သူများ အကြား ညှိနှိုင်းဆွေးနွေးအဖြေရှာကာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )တွင် လက်မှတ် ရေးထိုးထားသော တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့မှာKNU(ကရင်အမျိုးသား အစည်းအရုံး)၊KNU/KNLA(P.C) ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)၊ DKBA (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ PNLO(ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်)၊ ABSDF(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တပ်ဦး)၊RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)၊ ALP(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)တို့ ဖြစ်ကြသည်။