ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA စာချုပ်အတိုင်းသာ ဆက်လက်အကောင်အထည်ဖော်မည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က NCA စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ရန် ဖွဲ့စည်း

Printer-friendly versionSend by email

ချင်းမိုင် ဇူလိုင် ၂

နိုင်ငံရေးဆိုင်ရာမူဘောင်ကိစ္စရပ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန် အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန် ၂၈ မှ ဇူလိုင် ၂ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယနေ့မွန်းလွဲပိုင်း အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းမီဒီယာများ၏မေးမြန်းမှုများအား ဖြေကြားခဲ့ကြသည်။

 

''ငါးရက်တာ အစည်းအဝေးအပြီးမှာ ဆုံးဖြတ်ချက် ၁၇ ခုနဲ့ မှတ်တမ်းလေးခုရရှိပါတယ်။ အဲဒီထဲကမှ တကယ့် အနှစ်သာရတွေကို ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းခဲ့ပါ တယ်'' ဟု ချင်းအမျိုးသားတပ်ဦး(NCF)၏ ဥက္ကဋ္ဌ ပူးဇင်းကျုံးက ပြောသည်။

 

ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ပိုမိုထိရောက် အောင်မြင်ရေးအတွက် မူဘောင်အပြီးသတ်ရေးဆွဲနိုင်မှု မရှိ သေးခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အားလုံး၏ နိုင်ငံရေးသဘောထား အမြင်များ ပါဝင်နိုင်မှု မရှိသေးခြင်း၊ အဆုံးအဖြတ်ပေးနိုင်သည့် ဆုံးဖြတ်ချက်များ ချသည့်နေရာမှာ ရှုပ်ထွေးမှုများ ရှိနေခြင်းတို့ကို ပြန်လည် သုံးသပ်၍ သုံးသပ်ချက်များအပေါ် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ညှိနှိုင်း၍ အကောင်းဆုံးပြင်ဆင်ဆောင်ရွက် သွားမည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တပ်ဦး (ABSDF)ဥက္ကဋ္ဌ ဦးသံခဲကလည်း ပြောကြားခဲ့သည်။

 

NCA စာချုပ်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရခြင်းနှင့်ပတ်သက်၍ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နာယက ခွန်ဥက္ကာက ''ဘာကြောင့် ပြန်လည်သုံးသပ်တာနဲ့ သုံးသပ်ချက်တွေကို ကောင်းအောင်ပြင်ဆင်လဲဆိုတော့ (၂၁)ရာစုပင်လုံဒုတိယ အစည်းအဝေးပြီးတဲ့ အချိန်မှာ သုံးသပ်ချက်ထွက်လာတာက ကျွန်တော်တို့ အဖွဲ့ဝင်ထဲမှာ နှစ်ဖွဲ့ရှိတယ်။ KNU သုံးသပ် ချက်နဲ့ RCSS သုံးသပ်ချက်ပါ။ ဒီတော့ PPST က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်စုံလုံးကို ပြန်လည်သုံးသပ်မယ်။ ပြီးမှ ပြန်လည်ပြင်ဆင်မှုလုပ်မယ်ဆိုပြီး အချိန်ယူ လုပ်တာဖြစ်တယ်။ ကျွန်တော်တို့ PPST ရဲ့ ပြန်လည် သုံးသပ်မှုရပြီဆို အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေကို ခေါ်ပြီးတော့ ပူးတွဲသုံးသပ်မှုတွေ ပြန်သွားရမယ်။ အားလုံးသုံးသပ်ချက်တွေရပြီဆိုတာနဲ့ ပြန်လည်ပြင်ဆင်မှုလုပ်မှာပါ။ လာမယ့် ဩဂုတ် အတွင်းမှာပြီးအောင် ကြိုးစားလုပ်မယ်။ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းဖြစ် အောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ဖြစ်အောင် ရည်စူးပြီးတော့ အပြုသဘောဆောင်ပြီး ပိုမိုကောင်းမွန် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်သုံးသပ်မှုလုပ်တာဖြစ်ပါတယ်''ဟု ပြောသည်။

 

NCA စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအဖွဲ့ကို အထူးဖိတ်ကြားထားသူ နှစ်ဦး နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့မှ အစုအဖွဲ့အလိုက် တာဝန် ယူထားသူများဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဦးဆောင်သူအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲ ဆွေးနွေးမှုကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တာဝန် ယူ၍ ကိုယ်စားလှယ် ၂၁ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် သုံးသပ်ချက်များပြင်ဆင်မှုကို ဇူလိုင်လအတွင်း စတင်မည်ဖြစ်ပြီး ဇူလိုင်လအကုန်တွင် သုံးသပ်ချက်များကို PPST သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချင်းအမျိုးသားတပ်ဦး(NCF)၏ ဥက္ကဋ္ဌ ပူးဇင်းကျုံးက ''ပြန်လည်သုံးသပ်မှုနဲ့ ပြန်လည်ပြင်ဆင်မှုကို ဇူလိုင်လ အတွင်းမှာ စမယ်။ ဇူလိုင်ကုန်တာနဲ့ ထွက်လာတဲ့ PPST ကို တင်ပြမယ်။ PPST ကတစ်ဆင့် EAOs ညီလာခံမှာ တင်ပြမယ်။ တစ်လခွဲအတွင်းမှာ အပြီးလုပ်နိုင်ဖို့ စီစဉ်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ညီလာခံကိုလည်း ရှေ့လလောက်မှာ လုပ်နိုင်ဖို့ စီစဉ်နေပါတယ်'' ဟု ပြောသည်။

 

နိုင်ငံရေးဆိုင်ရာမူဘောင်ကိစ္စရပ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ် ခြင်းသည် NCA လမ်းကြောင်း အတိုင်း သွားရန်နှင့် လမ်းကြောင်းနှင့် လွဲနေသည့်အချက်များကို ပြုပြင်၍ NCA စာချုပ်အတိုင်း ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။