ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၁

နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ စီမံကိန်းများအတွက် ရယူထားသောမြေများတွင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်မြေများကို နိုင်ငံတော်နှင့် ဒေသခံပြည်သူလူထု အကျိုးအတွက် မြေစီမံ ခန့်ခွဲခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ပြန်လည်သိမ်းဆည်း နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းစီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်သည်။

 

နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည် စိစစ်ရေးဗဟိုကော်မတီ၏ (၂/၂၀၁၆) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယသမ္မတက ဗဟိုကော်မတီအနေဖြင့် မြေကိစ္စတိုင်ကြားစာများနှင့် ပတ်သက်၍ အတားအဆီး အခက်အခဲ ဖြစ်နေသည့် ပြဿနာကိစ္စရပ်များ ဖြေရှင်း ကျော်လွှားနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စု၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း။

 

ထို့ပြင် ဗဟိုကော်မတီအနေဖြင့် မြေကိစ္စများ ဖြေရှင်းဆောင်ရွက်ရာတွင် အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်နိုင်ရန် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ မူဝါဒ(၅)ရပ်၊ တပ်မြေ သိမ်းဆည်းမှုများနှင့် စပ်လျဉ်း၍ မူဝါဒ (၃) ရပ်၊ စွန့်လွှတ်မြေများသက်ဆိုင်သူ လက်ဝယ် အမြန်ဆုံး ရောက်ရှိရေးလုပ်ငန်းစဉ် (၈) ရပ်၊ သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ အချက် (၆) ချက်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်း မြေများနှင့်စပ်လျဉ်း၍ အချက် (၇) ချက်၊ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ အချက်(၅) ချက် နှင့် ကော်မတီ အဆင့်ဆင့်မှ အလေးထား ဆောင်ရွက်ရန် အချက် (၁၅) ချက်တို့အား လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ညွှန်ကြား ထားပြီး ဖြစ်ကြောင်း။

 

စွန့်လွှတ်မြေများနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနပိုင်မြေများအား အသုံးပြုရန် မရှိ၍ လည်းကောင်း၊ မူလပိုင်ရှင်များအား ပြန်လည်စွန့်လွှတ်ပေးရန်အတွက် လည်းကောင်း၊ အခြား ဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်နှံရန်အတွက် လည်းကောင်း၊ စွန့်လွှတ်မြေများအား လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့အပ်နှံရာတွင် လုပ်ထုံး လုပ်နည်းနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်အတွက် စွန့်လွှတ်မြေများ ပြန်လည်အပ်နှံခြင်း ပုံစံ(၁) နှင့် အချက်အလက်အတည်ပြု ချက်ပုံစံ (၁-က) တို့အား ဖြန့်ဝေထားပြီး ဖြစ်ကြောင်း။

 

ဗဟိုကော်မတီသို့ လွှတ်တော်များမှ လွှဲပြောင်းပေးပို့လာသော တိုင်ကြားစာ အမှုတွဲများ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတို့မှ ပေးပို့လာသည့် အမှုတွဲများမှာ စုစုပေါင်း (၂၀၅၆) မှု ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီများသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ အမှုတွဲများမှ စိစစ်ဖြေရှင်းပြီး (၃၃) မှု ရှိပြီး စိစစ်ဖြေရှင်းဆဲ အမှုတွဲ (၂၀၂၃) မှု ရှိကြောင်း၊ ကော်မတီများအနေဖြင့် မြေကိစ္စများအပေါ် ပြည်သူများ နစ်နာမှုမရှိစေရန် ကော်မတီ အဆင့်ဆင့်အလိုက် မြေပြင်ရှိ အမှန်တကယ် ဆောင်ရွက် ရမည့် အခြေအနေကို စနစ်တကျ စိစစ်ပြီး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

ဗဟိုကော်မတီအနေဖြင့် ယခင်အစိုးရလက်ထက် စိစစ်ဖြေရှင်းရန် ကျန်ရှိနေသော အမှုတွဲများကိုလည်း ဆက်လက် စိစစ်ဆောင်ရွက်စေပြီး အမှုတွဲများ ဆောင်ရွက်ပြီးစီးမှုကို လစဉ်ပုံမှန် ပြန်လည်တင်ပြရန် လိုအပ်ကြောင်း၊ မြေသိမ်းဆည်းခံရမှုကြောင့် နစ်နာသူပြည်သူများ၏ ဘ၀ရေရှည် ရပ်တည်နိုင်ရေး အတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့် အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဗဟိုကော်မတီသို့ ရောက်ရှိ လာသည့် တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေ များအား လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း မြေယာကိစ္စများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု မရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက တပ်မတော်အနေဖြင့် လယ်ယာမြေ စွန့်လွှတ် ခဲ့မှုနှင့်  ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအမံများအားလည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ က လက်ရှိလယ်ယာ မြေပြဿနာများနှင့်စပ်လျဉ်းပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည့် အချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ဒုတိယသမ္မတက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရာတွင် ဗဟိုကော်မတီ အနေဖြင့် မူဝါဒများချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ မြေယာကိစ္စများ ဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဗဟို ကော်မတီ၏ ဆောင်ရွက်ချက်များကိုလည်း  သတင်းမီဒီယာများတွင် ဖော်ပြပေးရန် လိုကြောင်း၊ မြေပြင်စိစစ်ရာတွင် အနီးကပ်ဆုံးမှန်ကန်မှုရှိစေရန် တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဗဟိုကော်မတီအနေဖြင့် တောင်သူ လယ်သမား အကျိုးစီးပွားကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။