ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် မတ် ၃၁

 

မြေသိမ်းဆည်းခံရမှုကြောင့် နစ်နာသူပြည်သူများ၏ ရေရှည်ဘ၀ ရပ်တည်နိုင်ရေးအတွက် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်အနေဖြင့် အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံ ရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြား လိုက်သည်။

 

နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂နာရီတွင် ကျင်းပသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

 

ထို့ပြင် ဒုတိယသမ္မတက နိုင်ငံတော်သည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်၍ လယ်ယာ စိုက်ပျိုးရေးနှင့် ဆက်စပ်နေသော လယ်ယာမြေများ၊ တောင်သူလယ်သမားများသည် အဓိက အခန်း ကဏ္ဍတွင် ပါဝင်နေသဖြင့် နိုင်ငံတော်၏ Image ဖြစ်သော မြေယာကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်ရာတွင် ပြန်လည်သုံးသပ်၍ အရှိန်ကောင်းကောင်းဖြင့် ဆက်လက်တွန်းအားပေး ဆောင်ရွက် သွားရန်လိုကြောင်း။

 

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှဲပြောင်းပေးပို့လာသည့် တိုင်ကြားစာအမှုတွဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပေးပို့လာသည့် အမှုတွဲများအနေဖြင့် စတင် ဖွဲ့စည်းအချိန်မှ ယနေ့အထိ တိုင်းကြားစာအမှုတွဲ စုစုပေါင်း ၃၉၈၀ မှုရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများသို့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ အမှုတွဲများမှ စိစစ်ဖြေရှင်းပြီး အမှုတွဲ ၂၁၂ မှုရှိပြီး စိစစ် ဖြေရှင်းဆဲ အမှုတွဲ ၃၇၆၈မှု ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် မျှော်မှန်းထားသော အတိုင်း အတာအထိ အကောင် အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်းကို သုံးသပ်မိကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတက ဗဟိုကော်မတီအနေဖြင့် တ်ိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း အထူး ကိစ္စရပ်များအနေဖြင့် ဖြေရှင်းရန်လိုအပ်သော မြေကိစ္စများကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ဆောင် ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးက ပထမဆုံး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့သည့်အတွက် တိုးတက်မှုများရရှိခဲ့ပြီး ကချင်၊ ကယား၊ ချင်း၊ ပဲခူးတိုင်းဒေသကြီးတို့ကလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုကြောင့် တိုးတက်မှုများရရှိခဲ့ကြောင်း။

 

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများအနေဖြင့် ယခင်အစိုးရလက်ထက် စိစစ်ဖြေရှင်းရန် ကျန်ရှိနေသော အမှုတွဲများကိုလည်း ဆက်လက်ဖြေရှင်း ဆောင်ရွက်လျက်ရှိရာ တိုးတက်မှု အမှုတွဲများအား လစဉ်ပုံမှန်ပြန်တမ်းဖြင့် ပြန်လည်တင်ပြရန် လိုအပ် ကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များမှ စီမံကိန်းအလို့ငှာ ရယူထားသောမြေများတွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့် မြေများကို နိုင်ငံတော်နှင့် ဒေသခံပြည်သူလူထု အကျိုးအတွက် မြေစီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်သိမ်းဆည်းနိုင်ရန်အတွက် ညွှန်ကြားထားပြီး ဖြစ်သည့် အတွက် ဆောင်ရွက်မှု အခြေအနေများ တင်ပြသွားရန်လိုအပ်ကြောင်း။

 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများ သိရှိနိုင်ရေး နိုင်ငံပိုင် သတင်း၊ မီဒီယာများတွင် ဖော်ပြနိုင်ရန်အတွက် သတင်းထုတ်ပြန်ကြေညာချက်အား ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့သွားမည် ဖြစ်ကြောင်း၊ ဗဟိုကော်မတီမှ မြေကိစ္စများ ဖြေရှင်းဆောင်ရွက်ရာတွင် ဝိရောဓိဖြစ်စေနိုင်သည့် ကိစ္စရပ် များကို လွယ်လင့်တကူ ဖြေရှင်းနိုင်ရန် "မူ" (၁၀)ချက်ကို ထပ်မံချမှတ်ပြီးဖြစ်သည့်အတွက် အတည်ပြု သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဗဟိုကော်မတီအနေဖြင့် တိုင်ကြားစာများအပေါ် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က မြေယာကိစ္စရပ်များ လွယ်လင့်တကူ ဖြေရှင်းနိုင်ရေး ကိစ္စရပ်များ၊ မြေယာများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုမရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးတင်ပြကြပြီး ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားသည်။