ပြည်ထောင်စုလွှတ်တော်

Printer-friendly versionSend by email

၇၄။        ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော်နှစ်ရပ်ပါဝင်သည် –

 

(က)

ပုဒ်မ ၁ဝ၉ ပါ ပြဌာန်းချက်များနှင့်အညီ မြို့နယ်ကို အခြေခံ၍ လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်၊

 

(ခ)

ပုဒ်မ ၁၄၁ ပါ ပြဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက် တင်မြှောက် သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။

၇၅။   လွှတ်တော်အသီးသီး၏ အကြီးအမှူး၊ ဒုတိယအကြီးအမှူးများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်သက်တမ်း တစ်ခုစီအတွက် လွှတ်တော် ပထမအစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုနိုင်ရန်နှင့် လွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ ရွေးကောက် တင်မြှောက်ပေးရန် ကျင်းပသော လွှတ်တော်အစည်းအဝေးကို ကြီးမှူးကြီးကြပ်ပေးရမည့် အကြီးအမှူးအား သဘာပတိဟု လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးကို နာယကနှင့် ဒုတိယနာယကဟု လည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးကို ဥက္ကဌနှင့် ဒုတိယဥက္ကဌဟု လည်းကောင်း ခေါ်ဝေါ်သုံးစွဲရမည်။

၇၆။

(က)

ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃ဝ ပြည့်မြောက်သည့် နေ့ရက်အထိ အမျိုးသားလွှတ်တော် ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်း ကာလအတွက် ပြည်သူ့ လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်၊

 

( ခ )

ပြည်ထောင်စုလွှတ်တော်နာယကသည် နာယကတာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယက တာဝန်ကို ယာယီ ထမ်းဆောင်ရမည်။

၇၇။      ပြည်ထောင်စုလွှတ်တော်နာယကသည် -

 

(က)

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊

 

( ခ )

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်း ကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊

 

( ဂ )

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ရှင်းလင်း တင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊

 

(ဃ)

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ရှင်းလင်း တင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊

၇၈။   ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော် နာယကက ခေါ်ယူကျင်းပရမည်။

၇၉။  ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် နာယကက တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ခေါ်ယူကျင်းပရမည်။ ပုံမှန်အစည်းအဝေး တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အရှည်ကြာဆုံး ကာလသည် ၁၂ လထက်မပိုစေရ။

၈ဝ။      ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကိုဆောင်ရွက်သည် -

 

(က)

နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊

 

( ခ )

နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာနှင့် နာယကက ခွင့်ပြုသော အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်း တင်ခြင်း၊

 

( ဂ )

ဥပဒေကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

 

(ဃ)

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

 

( င )

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

 

( စ )

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့်အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊

 

(ဆ)

 အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊

 

( ဇ )

မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊

 

(ဈ)

ပြည်ထောင်စုလွှတ်တော် နာယကက ခွင့်ပြုသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခြင်း။

၈၁။ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူမည့်ကိစ္စရပ်များ၊ သဘောတူညီချက် ရယူမည့်ကိစ္စရပ်များ၊ အတည်ပြုချက်ရယူမည့် ကိစ္စရပ်များကို အောက်ပါအတိုင်း ဆောင်ရွက်ရမည် –

 

(က)

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလဖြစ်လျှင် ယင်း အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊

 

( ခ )

 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလ မဟုတ်လျှင် အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ရမည်၊

 

( ဂ )

အများပြည်သူအကျိုးငှာ အလျင်အမြန် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ် အစည်းအဝေး ခေါ်ယူ ကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည်။

၈၂။   ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ် အစည်းအဝေးကိုဖြစ်စေ ကျင်းပရန် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကက ခေါ်ယူကျင်းပနိုင်သည်။

၈၃။   ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် နိုင်ငံတော် သမ္မတက အကြောင်းကြားလျှင် ပြည်ထောင်စုလွှတ်တော် နာယက သည် ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ် အစည်းအဝေးကိုဖြစ်စေ အမြန်ဆုံး ခေါ်ယူ ကျင်းပရမည်။

၈၄။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင်ပြည်ထောင်စုလွှတ်တော်နာယကက အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရမည်။

၈၅။

(က)

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်။ အကယ်၍ အထမမြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းရမည်၊

 

( ခ )

ပုဒ်မခွဲ (က) အရ အစည်းအဝေး အထမမြောက်သည့်အတွက် ရွှေ့ဆိုင်း ကျင်းပရသော အစည်းအဝေးများနှင့် အစည်းအဝေး အထမြောက် ပြီးနောက် ဆက်လက် ကျင်းပသော အစည်းအဝေးများတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်လျှင် အစည်းအဝေးများအထမြောက်သည်။

၈၆။

(က)

ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာ တစ်ရပ်နှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခြားနည်း ပြဌာန်းထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ် ရမည်၊

 

( ခ )

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့် ကိစ္စများ၌ ပြည်ထောင်စုလွှတ်တော်နာယက သို့မဟုတ် နာယကတာဝန် ထမ်းဆောင်နေသည့် ဒုတိယနာယကသည် ဆန္ဒမဲမပေးရ။ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့် ကိစ္စရပ်တွင်သာ အနိုင်မဲ ပေးရမည်။

၈၇။  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ်တွင် ပြည်ထောင်စုလွှတ်တော်နာယက၏ ခွင့်ပြုချက်မရဘဲ အစည်းအဝေး တက်ရောက်ရန် အနည်းဆုံး ရက်ပေါင်း ၁၅ ရက် တစ်ဆက်တည်းပျက်ကွက်လျှင် သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ အရေးယူရန် ပြည်ထောင်စုလွှတ်တော် နာယကက သက်ဆိုင်ရာလွှတ်တော်သို့ အကြောင်းကြားရမည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက်ရောက်ရန် ခွင့်မဲ့ပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက်ရာ၌ အစည်းအဝေးရွှေ့ဆိုင်းထားသည့်ကာလကို ထည့်သွင်း ရေတွက်ခြင်း မပြုရ။

၈၈။     ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအချို့ လစ်လပ်နေစေကာမူ ပြည်ထောင်စုလွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်ခွင့် ရှိသည်။ ထို့အပြင် အခွင့်အရေး မရှိသူတစ်ဦးက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်းတစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက် များသည် ပျက်ပြယ်ခြင်း မရှိစေရ။

၈၉။   ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ရမည်။ သို့ရာတွင် ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ၊ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အရဖြစ်စေ တားမြစ်ထားသည့် ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို ထုတ်ပြန်ခြင်းမပြုရ။

၉ဝ။      ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များသည် နာယက၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့် ရှိသည်။

၉၁။      ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြသင့်သော မိမိအဖွဲ့အစည်းနှင့် သက်ဆိုင် သည့် အခြေအနေအရပ်ရပ်ကို နာယက၏ ခွင့်ပြုချက်ဖြင့် တင်ပြနိုင်သည်။

၉၂။

(က)

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် ပူးပေါင်းကော်မတီတို့တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ထိုသို့ ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီတို့တွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊

 

(ခ)

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် သော်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက် များနှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်တွင် လွတ်လပ်စွာ ပြောဆိုခွင့် ရှိသည်။ ပြည်ထောင်စု လွှတ်တော်တွင် တင်ပြပြောဆိုမှုများနှင့် စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေ အရ အရေးယူခြင်းမပြုရ၊

 

( ဂ )

ပုဒ်မခွဲ (က) နှင့် (ခ) တွင် ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ အခွင့်အရေးများကို ကျင့်သုံးကြရာတွင် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ရှိခဲ့ပါက ယင်းတို့သည် ပြည်ထောင်စုလွှတ်တော်၏ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခြင်းခံရမည်။

၉၃။     ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက်ရောက်နေသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုဖြစ်စေ၊ ပြည်ထောင်စု လွှတ်တော် နာယက၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမည်။ ပြည်ထောင်စုလွှတ်တော် နာယက၏ ကြိုတင် ခွင့်ပြုချက် မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ။

၉၄။    ပြည်ထောင်စုလွှတ်တော်က သော်လည်းကောင်း၊ ယင်းလွှတ်တော်၏ အခွင့်အာဏာ အရသော်လည်းကောင်း ဖြန့်ချိထုတ်ဝေသည့် အစီရင်ခံစာများ၊ စာရွက်စာတမ်းများ၊ လွှတ်တော်မှတ်တမ်းများနှင့် စပ်လျဉ်း၍ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။

၉၅။

(က)

ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ စတင်တင်သွင်းသည့် ဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုလျှင် ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်၊

 

(ခ)

ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရမည်။

၉၆။      ပြည်ထောင်စုလွှတ်တော်သည် ဇယား ၁ တွင် ဖော်ပြထားသော ပြည်ထောင်စု ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တစ်ဝန်းလုံး အတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့် ရှိသည်။

၉၇။

(က)

ပြည်ထောင်စုလွှတ်တော်သည် ဥပဒေတစ်ရပ်ပြဌာန်းသည့်အခါ -

 

 

(၁)

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်၊

 

 

(၂)

သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။

 

( ခ )

ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များနှင့်လည်းကောင်း ညီညွတ်မှုရှိရမည်၊

 

( ဂ )

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးက နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်ပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းကို ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်သည် သို့မဟုတ် ပြင်ဆင်စေသည်ဟု မှတ်ယူရမည်၊

 

(ဃ)

နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည်၊

 

 

( င )

နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ပုဒ်မခွဲ ( ဂ ) သို့မဟုတ် (ဃ) အရ ဆုံးဖြတ်ပါက ထိုသို့ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်စေခြင်း မပြုမီ ယင်းနည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းအရ ဆောင်ရွက်ခဲ့ပြီးသော အမှုကိစ္စများကို ထိခိုက်ခြင်းမရှိစေရ။

၉၈။  ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပြု စာရင်းများတွင် ဖော်ပြမထားသော အခြားကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့်အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းသည်။

၉၉။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဦးစီးအဖွဲ့သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကိုဖြစ်စေ ဥပဒေပြုခွင့် အပ်နှင်းထားသော ကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု နယ်မြေများအတွက် ဥပဒေပြဌာန်းပေးရန် လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်က လိုအပ်သောဥပဒေကို ပြဌာန်း ပေးရမည်။

၁ဝဝ။

(က)

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ပါရှိသောကိစ္စရပ်များအနက် မိမိတို့ စီမံခန့်ခွဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်၊

 

( ခ )

 ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်။

၁ဝ၁။  ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်သော ဥပဒေကြမ်းများမှအပ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့လွှတ်တော်တွင် ဖြစ်စေ၊ အမျိုးသား လွှတ်တော်တွင်ဖြစ်စေ စတင်ဆွေးနွေး ဆောင်ရွက်ခွင့်ရှိသည်။

၁ဝ၂။    ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခြင်း မပြုမီ အသေးစိတ် လေ့လာစိစစ်ရန်လိုအပ်ပါက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီတို့အား ပူးပေါင်းလေ့လာစိစစ်စေခြင်း၊ ယင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ ဥပဒေကြမ်းနှင့်အတူ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြဆောင်ရွက်စေခြင်းတို့ကို ပြုနိုင်သည်။

၁ဝ၃။

(က)

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတ သို့မဟုတ် ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်သည် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်၊

 

( ခ )

ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင်ပါရှိသော –

 

 

(၁)

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊

 

 

(၂)

 ပြည်ထောင်စုက ပေးဆပ်ရန် တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွယ်သော ကုန်ကျ စရိတ်များ၊ ပြည်ထောင်စုက ချေးယူငွေများနှင့် ဆက်နွယ်သော အခြားကုန်ကျ စရိတ်များ၊

 

 

(၃)

တရားရုံး သို့မဟုတ် ခုံရုံး တစ်ရုံးရုံး၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊

 

 

(၄)

တည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုခုအရ ဖြစ်စေကျခံရမည့် အခြား အသုံးစရိတ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ။

 

(ဂ)

ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များမှအပ အခြားအသုံးစရိတ်များ အတွက်ကိုမူ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်၊

 

(ဃ)

 ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါအတိုင်း ပြည်ထောင်စု အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရမည်၊

 

(င)

ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ပြဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ လျာထားသောရငွေများနှင့် ခွင့်ပြုထားသော သုံးငွေများအပြင် နောက်ထပ်  ရငွေများ လျာထားရန် နှင့် သုံးငွေများ ခွင့်ပြုရန် လိုအပ်သည့်အခါ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို အထက်ပါ နည်းလမ်းများ အတိုင်းပြဌာန်းဆောင်ရွက်ရမည်၊

 

(စ)

 ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသည့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေပါအတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့ က လိုအပ်သလို ဆောင်ရွက်ရမည်။

၁ဝ၄။  ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကို ထုတ်ပြန်ပြီး ယင်းအမိန့်ကို အတည်ပြု ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့်အခါ –

 

(က)

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အတည်ပြု၊ မပြုဆုံးဖြတ်ရမည်၊

 

( ခ )

အတည်ပြုရန် ဆုံးဖြတ်ပါက ယင်းအမိန့် ဆက်လက်အာဏာတည်ရမည့် အချိန်ကာလကို သတ်မှတ်ပေးရမည်၊

 

( ဂ )

အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်။

၁ဝ၅။

(က)

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော သို့မဟုတ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်သော ဥပဒေကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊

 

( ခ )

နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ် ထားသည့် ကာလအတွင်း မိမိ၏သဘောထား မှတ်ချက်နှင့်အတူ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည် ပေးပို့နိုင်သည်၊

 

( ဂ )

နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရန်သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတကမိမိ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခြင်း မပြုလျှင် သော်လည်းကောင်း၊ ဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း မပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလ ပြည့်မြောက် သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။

၁ဝ၆။

(က)

နိုင်ငံတော်သမ္မတထံ ပေးပို့ထားသော ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မိမိ၏ သဘောထားမှတ်ချက်များနှင့်အတူ သတ်မှတ်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့လျှင် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်များကို ဆွေးနွေးသုံးသပ် ပြီးနောက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်ခံ၍ ဥပဒေကြမ်းကို ပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည် သို့မဟုတ် နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ ဥပဒေကြမ်းကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်နိုင်သည်၊

 

( ခ )

နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသော ဥပဒေကြမ်း သို့မဟုတ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်း အတည်ပြုသော ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်း ပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှ ခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ ရမည်၊

 

( ဂ )

ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခြင်း မပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေ ဖြစ်လာရမည်။

၁ဝ၇။   နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီးသော ဥပဒေများ သို့မဟုတ် နိုင်ငံတော် သမ္မတ၏ လက်မှတ်ရေးထိုးချက် ရရှိပြီးသကဲ့သို့ မှတ်ယူရမည် ဖြစ်သော ဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထိုဥပဒေတွင် သီးခြားဖော်ပြချက် မပါလျှင် ထုတ်ပြန်ကြေညာသည့် နေ့မှစ၍ အာဏာတည်ရမည်။

၁ဝ၈။       ပြည်ထောင်စုလွှတ်တော်သည် -

 

(က)

နိုင်ငံတော်သမ္မတက တင်ပြသည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ်နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များကို အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်းတို့နှင့် စပ်လျဉ်း၍ အဆုံးအဖြတ် ပေးရမည်၊

 

( ခ )

အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များအနက် မည်ကဲ့သို့သော စာချုပ် သို့မဟုတ်သဘောတူညီချက် အမျိုးအစားကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ရယူရန် မလိုဘဲ ချုပ်ဆိုခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်းတို့ကို ဆောင်ရွက်ရန် နိုင်ငံတော်သမ္မမတအား လုပ်ပိုင်ခွင့် လွှဲအပ် နိုင်သည်။